အဖြူရောင်အား စားသုံးခြင်း
မိုးသားကောင်းကင်ဖြူဖြူကို မြင်ရသည်။ ညက အဖြူရောင် နွားနို့တစ်ခွက်အစွမ်းကား မသေးလှ။ နိုးလျှင် နိုးခြင်း အဖြူရောင်ကောင်းကင်ထဲမှ လေအေးများ ရှူပြီးသကာလ အဖြူရောင် ရေတစ်ခွက် သောက်ရုံမျှဖြင့် အိမ်၏ အသာယာဆုံးနေရာသို့ အပြေးသွားရတော့သည်။ ချမ်းအေးသော အဖြူရောင်ရေတို့ဖြင့် မျက်နှာသစ်သည်။ မွှေးအောင်ပြုသော ဆပ်ပြာမွှေးက ဖြူနေ၏။ အ၀တ်ကို နွေးအောင်ဝတ်ပြီး ရေနွေးဖြူဖြူတစ်ခွက်ကို ခေါက်ဆွဲခြောက်များ၊ အရသာမှုန့်များထည့်၍ သောက်သည်။ ထမင်းဖြူပူပူ ဆီဆမ်း၊ဆားဖြူးကို မစားဖြစ်ခဲ့ပေ။ ခပ်သွက်သွက် လှုပ်ရှားနေသော အဖြူရောင်လေးများ လေထဲဝဲပျံနေသည်။ ကောင်းကင်ဖြူက လွှတ်ချနေသည်။ ဖြူဖွေးသော မြေပြင်ကို ဖြစ်စေသည်။ လှသလား မလှသလား ဝေခွဲမနေဘဲ အပြင်သို့ နွေးထွေးစွာ လှမ်းထွက်၏။ ရောင်စဉ်ခြယ်အလင်းလွှတ်သော နေမင်းကို တိမ်ဖြူထူထူတွေ လွှမ်းမိုးထားကြသည်။ ရွှေသမင်အထင်မှားတဲ့ တံလျှပ်တော့ မပေါ်ဘဲ ရေပြင်ကို တွေ့ရသည်။ မြေပြင်ပူ ကောင်းကင်ကအေး လမ်းပေါ်မှာ ရေအိုင်ကွက်လေးတွေအပြင် ကြားလေကသွေးတော့ အေးစိမ့်စိမ့်ဖြင့် လှုပ်ရှားသွားလာနေကြသည်။ နေရောင်ခြည်မရောက် ရိပ်ကြီးတောတောင်မဟုတ်သော လမ်းပေါ်မှာ ကားဖြူတစ်စင်းအပြင်းမောင်းသွားစဉ် ခေါင်းစွပ်ဖြူနှင့်လူကို အဖြူတွင်မြေကြီးမည်းညစ်ရောင်ရောသောရေ စင်သွားသည်ကို မြင်ရ၏။ မြေပြင်က ဖြူသောအရောင်ဖြင့် ပြည့်နေသည်။ ပင်စည်မှခွာ ရိုးတံလွင့်ပြီး သစ်ရွက်ရော်ရင့်တို့ဖြင့် ဖုံးလွှမ်းထားသော လမ်းကလေးလည်း အရောင်ပြောင်းသွားပြီ။ ဖြူနေပြီ။ လူကူးမျဉ်းကျားကို ဆေးအဖြူရောင်သုံးထားသည်။
အဖြူရောင်ဆေးသုတ်ထားသော အခန်းထဲတွင် လျှပ်စစ်အားသုံးရေနွေးအိုးဖြူမှ ရေနွေးဖြူဖြူ တို့ ပွက်ပွက်ဆူသံကြားရသည်။ ထိုရေနွေးဖြူတို့ အညိုရောင်ပြောင်းလဲခြင်းကို ခံရသည်။ အသင့်ရိုက်နှိပ်ပြီးသော စာသားများဖြင့် အဖြူရောင်စာရွက်များထွက်နေသော စက်တစ်လုံး လည်ပတ်နေသည်။ အဖြူရောင်မှန်ပြတင်းများမှ ဖြူသောဝန်းကျင်ကို မြင်ရသည်။ ထူးခြားစွာ ရင်ဘတ်အမွှေးအစိမ်းရောင် စာငယ်(၂)ကောင် ဖြူသောပြတင်းအစွန်းတွင် နားလိုက် ၊ ပြတင်းပေါက်မှ အခန်းထဲ ၀င်ထွက်လိုက်နှင့် အလုပ်ရှုပ်နေသည် ။ ထိုစာငှက်များမှ ဖြူသော အညစ်အကြေးတို့ စွန့် စွန့်သွားကြသည်။ မကြာခဏမောင်းထုတ်နေရသည်။ အဖြူရောင်ပြတင်းပေါက်ကို ပိတ်လိုက်ပြီ။ အဖြူရောင်လျှပ်စစ်မီးချောင်းများ ဖွင့်ထားသော အခန်းတွင်းဝယ် လူငွေ့ရောရော မီးခိုးရော အဖြူရောင်အငွေ့လေးများ ပျံ့လွင့်နေသည်။
မှောင်မည်းနေသည်ကို အပြင်ဝန်းကျင်မြင်မှ သိရသည်။ နေ့တစ်နေ့ကုန်ဆုံးချိန်တွင် မှောင်မည်းသွားခဲ့ပြီ။ လေမှာဝဲသော အဖြူလည်း မှောင်ပြီပေါ့။ မြေမှာစွဲတဲ့ အဖြူလည်း မည်းပြီပဲ။ နီယွန်မီးရောင်ဖြာသော နေရာအရောက် တစ်ချက် တစ်ခါ ဖြူလဲ့လဲ့က ကြေးနီရောင်ရော နေပြီကော။ ခြေရာက အမျိုးစုံ ၊ ကားဘီးအရာ အပြားပြားနှင့် လမ်းပေါ်မှာ မည်းညစ်နေတော့သည်။ နေ့လည်က အညိုရောင်ချိုခါးအရည်လည်း အဖြူရောင် အဖြစ် ပြောင်းလဲစွန့်ပစ်ခဲ့ပြီတကား ။
***
မှတ်သားမိတယ်
အဖြူစွဲစွဲ
မမြဲတော့ မည်းရှာပြီ ။
ရေကြောင့်လား
မြေကြောင့်လား
လေကြောင့်လား
လူကြောင့်လား
စားသုံးလို့ ကုန်သွားတာလား ။
2 comments:
မမြဲလို့ မည်းတဲ့အထဲမှာ မပါနိုင်တာတစ်ခုတော့ ရှိတယ်။ `စိတ်´ လေ။ လက်ခံလား။ အရာအားလုံး ပြောင်းလဲခြင်းကြောင့် မည်းသွားနိုင်ပေမဲ့ မူလဓာတ်ခံ ဖြူတဲ့ စိတ်ကိုတော့ မမည်းအောင် စောင့်ထိန်းလို့ ရပါတယ်။ ဒါဟာလည်း လူ ပေါ် မူတည်တာပဲလေ။ ဒီစာကို ဖတ်ရတာ ပတ်ဝန်းကျင်အသစ်တစ်ခု မွေးဖွားသွားသလိုပဲ။
အားပေးလျက်
လူပေါ်မူတည်ပါတယ် ။ အားပေးမှုကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။
Post a Comment