ပတ်ဝန်းကျင်
ဒီနေ့ ခင်ဗျာ ။ မိုးလင်းပြီဆိုကတည်းက မိုးတဖွဲဖွဲကျလျက် ရွာသွန်းနေသည်။ ကျောင်းသွားချိန်တွင် ထီး၊အမိုးအကာဖြင့် သွားလာကြရသည်။ မိုးရွာလည်း ကျောင်းဖွင့်ရက် ၊ ရုံးဖွင့်ရက် ၊ အလုပ်ဖွင့်ရက် ဖြစ်သောကြောင့် လာကြရသည် ၊ သွားကြရသည် ၊ ပြန်ကြရသည်။ အအေးဓာတ်ကြောင့် ပူနွေးမှုလည်း လိုအပ်သည်။ ထို့ကြောင့် အစာစားသည်။ အစားအစာသည်လည်း အပူစွမ်းအင်ကို ဖြစ်ပေါ်စေသလို သွားလာလှုပ်ရှားမှုကို အထောက်အပံ့ ပေးသည်။ မိုးရေထဲ သွားလာကြသည်။ လမ်းပေါ်မှာ ရေကွက်များ ၊ ရေအိုင်ကြီးငယ်များ ရှိနေကြသည်။ အချိန်ကား နေ့လည်စာ စားပြီးချိန် ။ နေရာကား လမ်းပေါ် ။ လူနှစ်ယောက် လမ်းလျှောက်လာကြသည်။ ရှေ့တွင် ရေအိုင်များ ရှိနေသည်။ ဘယ်မှ တစ်ယောက် ၊ ညာမှ တစ်ယောက် ခွဲဖြာပြီး ကျော်ဖြတ်ကြသည်။ ပြန်လည်ပေါင်းစုံပြီး ဆက်လက်လျှောက်လှမ်းသွားသည်။ ရေအိုင်အကျဉ်းအကျယ်အရ အလယ်မှ ခုန်ကျော်ကူးသူများလည်း ရှိသည်။ အလှမ်းကျယ် အလယ်လတ် သူများက ရေစပ်နှင့် ထိသူလည်း ရှိ၏။ လွတ်သူများလည်း ရှိပြန်သည်။ မိမိနှင့် အကျွမ်းတ၀င်ရှိသော လူများဖြင့် အတူယှဉ်တွဲသွားလာနေကြစဉ် ရေအိုင်တွေ့သဖြင့် ရှေ့နောက် အစီအစဉ်တကျ သွားလာကြသည်လည်း ရှိပြန်သည်။ မိုးရွာသောကြောင့် ရေအိုင်ထွန်းရသည်။ မိုးမရွာသော်လည်း လမ်းသန့်ရှင်းသူများက ရေကို အသုံးပြုသောအခါ ရေအိုင်ခြင်း ဖြစ်ပေါ်သည်။ မြေ နိမ့်ခြင်း ၊ ချိုင့်ခြင်းကြောင့် ရေအိုင် ဖြစ်ရသည်။ သွားမြဲသွားကာ ပြန်လည်း ပြန်ဆဲ ။ ဥဒဟိုသွားလာနေကြသည်။ ပတ်ဝန်းကျင်ကို မြင်ရသည်။ မှတ်သားထားခဲ့သည်။
***
အကြောင်းလမ်း ဖြူး
မြေပြင်က လူး(လွန့်)
ပေါ်ထွန်းလာရေအိုင်ကြီးငယ်ကြောင့်
ဘယ်လယ်ညာ ခွဲဖြာသလို
ရှေ့နောက်စီရရီဖြင့်
လှမ်းကာလေသွားပြန်မြဲ
မှတ်ပါသည်
မိုးရွာထဲ
ဒီနေ့ မြင်သည့် ၀န်းကျင်ပဲ။
2 comments:
ဖြစ်တည်မှုပဓာန၀ဒါသမားလိုလို... အိမ်ကတော့ ရေးလိုက်ရင် အဲဒီလို မတင်မကျဖြစ်စရာလေးတွေ... တကယ်က ဖတ်ရှုသူရဲက ညာဏ် အတိမ်အနက်နဲ့ ဆိုင်တာပါ။ သွားမြဲသွားကာ ပြန်လည်း ပြန်ဆဲ။ ဟုတ်ပါရဲ့... လမ်းမှာ ခဏတာ ဆုံတွေ့ကြတာပေါ့။ တစ်ခါတစ်ခါလည်း ပတ်ဝန်းကျင်ကို မြင်ရဲ့နဲ့ မမှတ်သားမိတဲ့အခါရှိတယ်။ အဲဒီတော့ ဒီလူဟာ ပေါ့ပျက်ပျက်လို့ အပြောခံရမှာပေါ့နော်။ အိမ် မို့ တော်ရဲ့... ဒါတောင် ဘာအိမ်လဲတော့မသိဘူး... သေချာတာတော့ အိမ်ထဲမှာ တန်ဆာဆင်ထားတဲ့အရာတွေဟာ စာသားတွေ ဆိုတာပဲ။ အိမ် နဲ့ လိုက်ဖက်တဲ့ စာသားတွေပေါ့။ ဒီအိမ်ကော... မမြဲခြင်းရဲ့ အချိန်... မတွေးချင်ပါဘူး၊ အားလုံးနီးပါး (ကိုယ်ခင်မင်တဲ့လူ... ဒါလည်း ပုဂ်ဂိုလ်စွဲပေါ့နော်...)ဘိုင် ချင်နေကြတယ်။ ဒီဘလော့လေးကိုပေါ့... စိတ်မကောင်းဘူး။
တွဲယှက်ထားတဲ့ လက်တွေက
ဘလော့နဲ့ ဆက်ထားကြတာလေ...
မတွေ့ မမြင် မကြား မသိ
ဘာတစ်ခုမှ ထိထိမိမိ
မရှိကြဘူး (ပြင်ပလောကမှာပေါ့)
ပျော်ပါတယ် ဘလော့လောကမှာ
ခွဲခွာရမယ်ဆိုရင်တော့လည်း နှုတ်မဆက်တော့ဘူး
သူလည်း မလွမ်းစေချင်သလို ငါလည်း မလွမ်းချင်ဘူး
ခုထိတော့ အဆင်သင့်မဖြစ်သေးပါဘူး အိမ်ရေ...
ပတ်ဝန်းကျင်လေး လှအောင် ဖြည့်ရေး ပေးလို့ ကျေးဇူး ပါ ခင်ဗျာ ။
Post a Comment