Sunday, September 09, 2007

Kone Boung Sat

ကုန်းဘောင်ဆက်လူဝင်စားများ

-----

မောင်သန်းဆွေ(ထားဝယ်)

စာရေးသူရန်ကုန်ရောက်လျှင် လူဝင်စားများ အကြောင်း စာအုပ်များ ရေးသားထုတ်ဝေ နေသည့် စာရေးဆရာတိုးထက်နှင့် လူဝင်စားသုတေသီကိုမြင့်အောင်တို့ အိမ်ကို လာလေ့ရှိပါသည်။ သည် တစ်ခေါက်လာစဉ် ကိုမြင့်အောင်က ထူးထူးခြားခြားမေးခွန်း မေးခဲ့သည်။

*ဆရာသုတေသနပြုနေတဲ့ ကုန်းဘောင်အလွန်က ကုန်းဘောင်ဆက်တွေထဲမှာ လူဝင်စားတွေ မရှိဘူးလား ဆရာ*

*ရှိတာပေါ့ ၊ အများကြီး တွေ့ရ ကြုံရ သိရဖူးတယ်*

*ဘယ်သူတွေလဲ ဆရာ*

*ဘယ်သူတွေလဲလို့ ပြောရရင်တော့ ကုန်းဘောင်အလွန် မတိုင်မီ မင်းတုန်းမင်းတရားကြီး လက်ထက်တော်ကတည်းက သမီးတော် စလင်းစုဖုရားကစပြီး ပြောရလိမ့်မယ်ထင်တယ်*

*ဒိအရင်ကရော ကုန်းဘောင်ဆက်ထဲမှာ လူဝင်စားတွေ မရှိဘူးလား*

*ရှိမှာပေါ့ ၊ ဒါပေမယ့် လက်လှမ်းမှီရာကစပြီး ပြောရတာလေ*

*ပြောပြပါဆရာရယ်*

*ပြောရရင်တော့ အရှည်ကြီးပေါ့*

*ဒီလိုလုပ်ပါလားဆရာ၊ ဒီအကြောင်းကို စာရေးပေးပါလား*

ဟု ဆရာတိုးထက်က၀င်ပြောပါသည်။ သို့ဖြစ်၍ ဆရာတိုးထက်နှင့် ကိုမြင့်အောင်တို့ သိချင်သည့် ကုန်းဘောင်ဆက်လူဝင်စားများအကြောင်းကို မင်းတုန်းမင်းတရားကြီး လက်ထက်တော်၊ သမီးတော် စလင်းစုဖုရားမှစ၍ ပြောရမည်ဖြစ်ပါသည်။

မင်းတုန်းမင်းတရားကြီးတွင် လင်ပန်းတိုက်စား မိဖုရားဟု ရှိခဲ့သည်။ မင်းသားဘ၀ကတည်းက (၁၂၀၈)ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။ မင်္ဂလာအိမ်တော်ပါဖြစ်သည်။ ၎င်းလင်ပန်းတိုက်စား မိဖုရားသည် ပုဂံမင်းလက်ထက်တော်၊ ကနောင်၊ မြန်အောင် မြို့သူကြီး (နောင်နှစ်မြို့ဝန်)စည်သူရာဇ ရွှေတောင်ဘွဲ့ခံဦးသာဖြူ၏ သမီးဖြစ်သည်။ ညီမတော်အရင်းမှာ မင်းတရားကြီး၏ သက်ပန်းရွာစားမိဖုရားဖြစ်လာသည်။ မောင်တော်အရင်း နှစ်ယောက်ရှိခဲ့ရာ မင်းလှသမိန်ထောရာဇာဘွဲ့ခံ ရေနံ့သာမြို့စား၊ ကသည်းမြင်းဝန် ဦးရွှေမောင်နှင့် စလင်းနှင့် ကျပင်း နှစ်မြို့ဝန်မင်းကြီး မဟာသမိန်လောတို့ဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ မြောက်နန်းတော်မိဖုရားကြီး (ခင်သဲ)သည်လည်း လင်ပန်းမိဖုရားနှင့် ဖအေတူမအေကွဲ အစ်မဖြစ်သည်။ မင်းတုန်းမင်းတရားကြီး၏ သရစိမ်းတိုက်စား မိဖုရားသည်လည်း လင်ပန်းမိဖုရားနှင့် မအေတူ ဖအေကွဲညီမဖြစ်ပြန်သည်။

မင်းတုန်းမင်းတရားကြီး အထွဋ်အမြတ်သို့ရောက်သောအခါ လင်ပန်းမိဖုရားသည် ပထမသီရိသုစိတ္တစန္ဒာမဟေဘွဲ့နှင့် မိဖုရားလတ်အဆင့်ဖြစ်လာပြီး နောက်သူသီရိစန္ဒာဒေ၀ီဘွဲ့ဖြင့် ဒေ၀ီအဆင့်မိဖုရားဖြစ်လာသည်။ မင်းတုန်းမင်းတရားကြီးနှင့် လင်ပန်းမိဖုရားတို့၌ သားတော် သမီးတော်(၅)ပါး ထွန်းကားခဲ့ရာ စလင်းစုဖုရားမှာ အကြီးဆုံးဖြစ်၍ (၁၂၀၉)ခုနှစ်ဖွားဖြစ်သည်။ ၎င်းအောက် မောင်တော်နှစ်ပါး အဖတ်မတင်ခဲ့ပေ။ (၁၂၁၅)ခုနှစ်တွင် မောင်တော်ကျပင်းမင်းသားနှင့်(၁၂၁၈)ခုနှစ်တွင် မောင်တော်ရနောင်မင်းသားတိုကို ဖွားမြင်ခဲ့သည်။ စလင်းစုဖုရား၏ငယ်မည်မှာ မယ်မျိုးမွန်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီး ရတနာသိင်္ဃမြို့တော်၌ မင်းဧကရာဇ်အဖြစ်ရောက်တော်မူသောအခါ သမီးတော်ကို ရွှေကူမြို့ကိုအသုံးကံကျွေးပေးသည်။ သီရိသုရတနာဝတီဘွဲ့ရသည်။ နောက်ပိုင်းတွင် ရွှေကူမြို့နှင့်လဲ၍ စလင်းမြို့ကို သနားတော်မူခြင်းခံရသည်။ မယ်တော်လင်ပန်းမိဖုရား၏ အစ်မတော်မြောက်နန်းမိဖုရားကြီး ၊ သားတော် သမီးတော် မထွန်းကားသည့်အတွက် စလင်းစုဖုရားကို သမီးတော်အဖြစ် မွေးစားခဲ့သည်ဟုဆိုသည်။ အရပ်သူမိဖုရားများမှ ဖွားမြင်သော သမီးတော်ဖြစ်လင့်ကစား မင်းသွေးပါသောမိဖုရားများမှ ဖွားမြင်တော်မူသော သမီးတော်များနည်းတူ *စုဖုရား* ဟုခေါ်ဝေါ်ကြရသဖြင့် စလင်းစုဖုရားဟုတွင်ခြင်းဖြစ်သည်။ စလင်းစုဖုရားကို မင်းတရားကြီးက သူ၏မယ်တော်ဝင်စားသည်ဟု အယုံအကြည်ရှိသည်ဆိုသည်။ အခြားသမီးတော်များထက် သာလွန်ထူးမြတ်လွန်ကဲသော *သုသီရိမြတ်စွာရတနာဒေ၀ီ*ဟူသောဘွဲ့ကို ပေးသနားတော်မူသည့်အပြင် ညီတော်အိမ်ရှေ့မင်း နတ်ရွာစံတော်မူပြီးနောက် မင်းတစ်ဆက်လျှင် တစ်ပါးသာမြှောက်စားမြဲဖြစ်သည့် ပင်တိုင်စံမင်းသမီးအဖြစ် ထားတော်မူခြင်းခံရသည်။ *ပင်တိုင်စံ* အဓိပ္ပာယ်မှာ မင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသည့် နောက်မင်းနှင့် ထီးဖြူအောက်တွင် အတူယှဉ်တွဲကာ မိဖုရားခေါင်ကြီးအရာကိုယူရမည့်သူဟု ကြိုတင်သတ်မှတ်ကြေညာထားခြင်းပင်ဖြစ်သည်။ (၁၂၃၈)ခုနှစ်တွင် နေရဉ္စရရွာကို ထီးမိုးယဉ်ခံပေးသည်။ ဤကဲ့သို့လွန်ကဲစွာအရေးပေးခြင်း ခံရမှုကြောင့် သူ၏ သမီးတော်များကိုသာ မိဖုရားခေါင်ကြီးဖြစ်ရန် မှန်းထားသော အလယ်နန်းမိဖုရားကြီး (ထိုစဉ်က ဆင်ဖြူမရှင်ဘွဲ့မရသေး)နှင့် အခြားသမီးတော်ကြီးကြီးမားမားရှိကြသည့် မိဖုရားကြီးများက စလင်းစုဖုရားအပေါ်အတွင်း ကြိတ်ခါ မလိုမုန်းထားရှိကြသည်။

စလင်းစုဖုရားကို မင်းတုန်းမင်းတရားကြီးက သူ၏မယ်တော် (သာယာဝတီမင်း၏ တောင်ဆောင်တော်မိဖုရား)၀င်စားသည်ဟု ယုံကြည်သည်နှင့်ပတ်သတ်၍ အရာကြီး ဦးမြကေတု၏ *သီလရှင်ထိပ်ထား*စာအုပ်တွင် ရေးသားဖော်ပြခြင်း အချို့မှာ စကြာဒေ၀ီမိဖုရားခေါင်ကြီးက လုပ်ကြံထားသရောင်ဖြစ်နေပါသည်။ စကြာဒေ၀ီမိဖုရားခေါင်ကြီးက မင်းတုန်းမင်းတရားကြီးထံတော်မှ မယ်တော်ဘုရားကြီး၏ လက်ဝတ်ရတနာတော်များ၊ ၀တ်လဲတော်များကို စလင်းစုဖုရားအား တိတ်တဆိတ်ပြထားတော်မူပြီးမှ နောက်ပိုင်းအများရှေ့တွင် မယ်တော်ဘုရားကြီး၏ ၀တ်လဲတော်များနှင့် လက်ဝတ်ရတနာတော်များကို အလားတူအခြားပစ္စည်းများမှ စလင်းစုဖုရားက ရွေးထုတ်ပြသရလေဟန်၊ ဤသို့ဖြင့် အခြားမိဖုရားများနှင့် သမီးတော်များက စလင်းစုဖုရား၏ အပြုအမူများကို ရင်သပ်ရှုမောအံ့ဩကြပြီး မယ်တော်မိဖုရားကြီးဝင်စားတော်မူသည်ဆိုသည်ကို ယုံကြည်ကြရလေဟန် ရေးသားထားသည်ကို ဖတ်ရှုရပါသည်။

စလင်းစုဖုရား၊ မင်းတုန်းမင်းတရားကြီး၏မယ်တော်မိဖုရားကြီးဝင်စားသည်ဆိုသည်မှာ လုပ်ကြံမှုမဟုတ်ပါ။ မင်းတရားကြီးကိုယ်တော်တိုင် ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ယုံကြည်ရန်လည်း အထောက်အထားများစွာရှိသည်ဟုဆိုပါသည်။ စလင်းစုဖုရားတောင်းပန်တော်မူ၍ ရေးရသည်ဆိုသော ယောမင်းကြီး ဦးဖိုးလှိုင်ရေးသည့် *ကာယနုပဿနာ*ကျမ်းအဆုံးတွင် ယောမင်းကြီးက စလင်းစုဖုရားသည် ဇာတိသယဉာဏ်ရသည်ဟု အတိအလင်းရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။ ဇာတိသယဉာဏ်ရသည်ဟု ဆိုသည်မှာ လူဝင်စားဖြစ်သည်ဆိုသည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ စလင်းစုဖုရား မင်းတုန်းမင်းတရားကြီး မယ်တော်ကြီး၏ လက်ဝတ်ရတနာတော်များ၊ ၀တ်လဲတော်များကို မှတ်မိတော်မူ၊ ရွေးချယ်တော်မူပြသည်ဆိုသည်မှာ လုပ်ကြံဖန်တီးမှု မဟုတ်။ အမှန်တကယ်ဖြစ်ကြောင်း သိမှီသူများပြောကြားသည်ကိုကြားရဖူးပါသည်။ ယောမင်းကြီး ဦးဖိုးလှိုင်ကဲ့သို့သော ပညာရှိကြီးတစ်ဦး၏ ရေးသားမှုကို အထူးဂရုပြုရပါမည်။

မင်းတုန်းမင်းတရားကြီးသည် သားတော်များအနက် စလင်းစုဖုရား၏မောင်တော် ကျပင်းမင်းသားကို အချစ်ဆုံးဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် လက်ထက်တော်ကြီး (မင်းတုန်းမင်းတရားကြီး၏ လက်ထက်တော်)က နန်းတော် အသိုင်းအ၀ိုင်းတွင် *သားကျပင်း၊သမီးစလင်း* ဟူသောအဆို တစ်ရပ်ပင်ဖြစ်ခဲ့ဖူးပါသည်။ ကျပင်းမင်းသားကို တမာပင်တိုက်စားမိဖုရားသီရိပဘာမဟေတွင်မြင်သည့် ကွပ်ရွာထိပ်ခေါင်တင် နှင့် စုံဖက်ပေးတော်မူရာ သားတော်လေးတစ်ပါး ဖွားမြင်ခဲ့သည်။ စလေမြို့ကိုစားရသည့် စလေမြို့စားမင်းသားလေးဖြစ်သော်လည်း *ဘိုးတော်ချစ်*ဟုသာအမည်တွင်သည်။ အကြောင်းမှာ မင်းတုန်းမင်းတရားကြီးက မြေးတော်များအနက် အချစ်ဆုံးဖြစ်၍ဟုဆိုသည်။ လင်ပန်းတိုက်စားမိဖုရားမှ ဖွားမြင်တော်မူသော သမီးတော်၊သားတော်နှင့်မြေးတော်မိသားစု အပေါ်တွင် မင်းတရားကြီး၏ မေတ္တာတော်ထူးကဲစွာစုပုံနေခြင်းမှာ စဉ်းစားစရာပင်ဖြစ်တော့သည်။ မင်းတရားကြီးက သူ၏မယ်တော်ဝင်စားသည်ဟု ယုံကြည်တော်မူ၍ အချစ်ဆုံးဖြစ်ရသည့် သမီးတော်စလင်းစုဖုရားနှင့်နွယ်ပြီး ၎င်းမိသားစုအပေါ်တွင် မေတ္တာတော်ထူးကဲစွာစုပုံနေခြင်းပေလားဟုလည်း တွေးတောစရာဖြစ်သည်။ သို့ကြောင့်ပင် သက္ကရာဇ်(၁၂၄၀)ခုနှစ်၊ သီပေါမင်းနန်းတက်သည့် အရေးအခင်းတွင် ဤမိသားစုသည် ဒုက္ခပင်လယ်ဝေရလေသည်။

မင်းတရားကြီးနတ်ပြည်စံပြီးနောက် အလောင်းတော်ကို အုတ်နန်းပြသာဒ်၌ ဂူသွင်းသင်္ဂြိုဟ်တော်မူပြီးသည်နှင့် စလင်းစုဖုရားသည် ရည်ရွယ်ရင်းရှိသည့်အတိုင်း သူ၏အပျိုတော်များနှင့် သီလရှင်ဘ၀သို့ကူးပြောင်းတော်မူလိုက်သည်။ ပင်တိုင်နန်းမှဆင်းကာ သူ၏ကုသိုလ်တော် စလင်းကျောင်းဝင်းအတွင်း ဇရပ်တစ်ဆောင်တွင် သွားရောက်နေထိုင်တော်မူသည်။ ဤသို့ပြုမူဆောင်ရွက်လိုက်ခြင်းသည် ထိုအချိန်က နန်းတွင်းရေးအရ ၎င်းအတွက် အကောင်းဆုံးဆောင်ရွက်လိုက်ခြင်းပင်ဖြစ်တော့သည်။ သို့သော် မယ်တော်လင်ပန်းမိဖုရားနှင့် မောင်တော်ကျပင်းမင်းသားတို့မှာ အချုပ်အနှောင်ခံကြရသည်။ မောင်တော်အရင်း ရနောင်မင်းသားနှင့် မြောက်သားတော်ကြံညှပ်မင်းသမီး၊ ၎င်းတို့၏ သမီးတော်နှစ်ပါး၊ သားတော်နှစ်ပါးသည်လည်းကောင်း ၊ ဦးရီးတော် ရေနံ့သာစားမင်းသား ဦးရွှေမောင်သည်လည်းကောင်း ဖျောက်ဖျက်စီရင်ခြင်းခံကြရသည်။ စလင်းစုဖုရားသည် သက္ကရာဇ်(၁၂၄၁)ခု၊နတ်တော်လတွင် ကံကုန်တော်ရှာသည်။ သက်တော်(၃၃)နှစ် သာရှိပါသေးသည်။ စလင်းစုဖုရား၏ လူဝင်စားမှုကိစ္စတွင် ယခင်ဘ၀က၀င်စားသူမှာ မင်းတုန်းမင်းတရားကြီး၏ မယ်တော် (သာယာဝတီမင်း၏ တောင်ဆောင်တော်မိဖုရား)ဖြစ်ပြီး ယခုဘ၀တွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်လာဖြစ်ရလေသည်။

-----

စာရေးသူသိသော ကုန်းဘောင်လူဝင်စားထဲမှ ဒုတိယလူဝင်စားမှုမှာ အိမ်တော်ဆက်ထဲမှဖြစ်ပါသည်။ ယခင်ဘ၀မှဝင်စားသူမှာ အိမ်ရှေ့စံကနောင်မင်းနှင့် မြောက်ဆောင်ခင် ကျေးရွာတို့၏ ဒုတိယသမီးတော် တောင်ညိုမင်းသမီးဖြစ်ပြီး ယခုဘ၀တွင် အိမ်ရှေ့စံကနောင်မင်း၏မြေးတော် ကောင်းတုံထိပ်တင်မကြီး ဖြစ်လာပါသည်။ ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီးတွင် အိမ်ရှေ့စံကနောင်မင်း၏ သမီးတော်(၅၂)ပါး ရှိသည်ဟုပြထားပါသည်။ အိမ်ရှေ့သမီးတော်များ အရေအတွက်နှင့်ပတ်သက်၍ မူကွဲအမျိုးမျိုးရှိသည်။ ဤအရေအတွက်များတွင် ငယ်စဉ်ကတည်းက ကံကုန်တော်မူသွားကြသူများလည်းပါသည်။ သက်ရှိထင်ရှားရှိသည်မှာ (၃၉)ပါးသာဖြစ်ပါသည်။ ၎င်းတို့ အနက်မှ ယခုဖော်ပြမည့်လူဝင်စားမှုသည် အိမ်ရှေ့မင်း၏ သမီးတော် တောင်ညိုထိပ်ခေါင်တင်နှင့် ကောင်းတုံထိပ်ခေါင်တင်တို့နှင့် ပတ်သက်နေပါသည်။ အိမ်ရှေ့စံကနောင်မင်းသား၏ ကိုယ်လုပ်တော်များထဲတွင် အိမ်ရှေ့မိဖုရား လှိုင်ထိပ်ထားအောက် (အခြားကိုယ်လုပ်တော်များထဲတွင်အဆင့်အမြင့်ဆုံး) ကိုယ်လုပ်တော်မြောက်ခင်ကျေးဟုရှိသည်။ ခင်ကျေးသည် ဒီပဲယင်းမြို့ဝန် ဦးမှန်း၏ သမီးဖြစ်သည်။ တက်သေးအင်းထဲတွင်ရှိသော သာယာကုန်းဟုခေါ်သည့် တံငါရွာကလေးကို အသုံးကံကျွေးခံရသည်။ သို့ဖြစ်၍ ခင်ကျေးကို သာယာကုန်းသခင်ကြီးဟုလည်းခေါ်သည်။ ထို့ကြောင့် အိမ်ရှေ့မင်း၏ အခြားကိုယ်လုပ်တော်တစ်ပါးဖြစ်သော ဥယျာဉ်တော်သခင်က သာယာကုန်းသခင် ခင်ကျေးကို *သူစားရတာက မြုံးကိုးလုံးပါအေ* ဟုနှိမ်၍ချိုးချိုးဖဲ့ဖဲ့ပြောခဲ့ခြင်းဖြစ်သည်။ သို့သော်သာယာကုန်းသခင်ကြီးခင်ကျေးသည် သီရိသင်္ခါမဟေဘွဲ့ခံရသည်။ အိမ်ရှေ့စံကနောင်မင်းထီးနန်းဆက်ခံသည့်အခါ မြောက်နန်းမိဖုရားဖြစ်မည်ဟု သတင်းပြေးနေသူလည်းဖြစ်သည်။ အိမ်ရှေ့မင်းနှင့် ခင်ကျေးတို့မှ သားတော်သမီးတော်(၅)ပါးထွန်းကားသည်။ ပတိမ်းမြို့စား၊တောင်ညိုမြို့စားမင်းသမီး ၊ ပထမ ရန်အောင်မြင်မြို့စားမင်းသမီး၊ စမ္ပာယ်နဂိုရ်မြို့စားမင်းသမီးနှင့် တိုင်တားမြို့စားမင်းသမီးတို့ဖြစ်သည်။

ဒုတိယသမီးတော် တောင်ညိုထိပ်ခေါင်တင်သည် သီရိသဒ္ဒါဝတီဘွဲ့ခံသည်။ မင်းတုန်းမင်းတရားကြီး၏ သားတော်ကြီး မြင်ကွန်းမြို့စားမင်းသား သီရိဓမ္မရာဇာနှင့်စုံဖက်ခဲ့သည်။ သမီးတော်နှစ်ပါးထွန်းကားရာ သမီးတော်ကြီးမှာ ငယ်ကလွန်သည်။ သမီးတော်ကလေး(ငယ်နာမည်မခင်လေး)သည် ခေါင်ဖုရားဖြစ်လာသည်။(မြင်းခုံတိုင်မင်းသားနှင့် ကိုယ်လုပ်တော်ခင်လေးဖုရားတို့၏ သားတော်ကြီး ထိပ်တင်ကြီးနှင့် ပြန်လည်စုံဖက်သည်။) (၁၂၂၈)ခု၊မြင်ကွန်းမြင်းခုံတိုင်အရေးကြောင့် မြင်ကွန်းညီနောင် အောက်ပြည်အောက်ရွာသို့ထွက်ပြေးရသောအခါ မြောက်သားတော် တောင်ညိုထိပ်ခေါင်တင်သည် သမီးတော်ကလေးနှင့်အတူ မန္တလေး နန်းထက်တွင်ကျန်ခဲ့သည်။ မြင်ကွန်မြင်းခုံတိုင်အရေးကြောင့် အိမ်ရှေ့စံကနောင်မင်း နတ်ရွာစံရလေရာ အိမ်ရှေ့တော်ဆက်များသည် ထိုမင်းသားနှစ်ပါးအား အလွန်မုန်းတီးနာကျည်းသည်ဟုဆိုသည်။ တောင်ညိုထိပ်ခေါင်တင်မှာမူ လင်သားဖြစ်နေ၍ အောက်ပြည်အောက်ရွာတွင် မြင်ကွန်းမင်းသား ဘေးရန်ကင်းဝေးစေရန် ဆုတောင်းလေ့ ရှိသည်ဟုဆိုပါသည်။ ဤသို့တောင်ညို ထိပ်ခေါင်တင်၏ အပြုအမူကို အိမ်ရှေ့မင်းသမီးတော်များက ကိုယ့်ခမည်းတော် သတ်သူအား ဘေးရန်ကင်းဝေးအောင် ဆုတောင်းရပါမည်လားဟု မကျေမနပ်ရှိကြသည်။ ထိုသူများအထဲတွင် ကောင်းတုံထိပ်ခေါင်တင်သည် အကဲဆုံးဟုဆိုသည်။

ကောင်းတုံထိပ်ခေါင်တင်ဆိုသူမှာ အိမ်ရှေ့စံကနောင်မင်းနှင့် ဆောင်ရကိုယ်လုပ်တော်သခင်ကြီး ခင်ဖဲ့တို့မှဖွားတော်မူသောသမီးတော်ဖြစ်သည်။ ကောင်းတုံမြို့ကို အသုံးခံကျွေးခံရပြီး သုသီရိသာမာဝတီဘွဲ့အမည်ခံသည်။ ငယ်မည်မှာ မယ်ဆွေဂုံဟုခေါ်သည်။ ကောင်းတုံထိပ်ခေါင်တင်သည် အစ်မတော် တောင်ညိုထိပ်ခေါင်တင် အဆောင်သို့လာပြီး-

*အမလေး … အဇာတသတ်မကြီးရဲ့၊ ကိုယ့်ခမည်းတော်သတ်သူကိုများ ဘေးရန်ကဝေးအောင် ဆုတောင်းနေရသေးသတဲ့လား* ဟုရန်တွေ့ပြော ပြောလေ့ရှိသည်ဟုဆိုပါသည်။ အစ်မတော်ကြီးများဖြစ်သည့် ပထမရန်အောင်မြင်မင်းသမီး၊ စမ္ပာယ်နဂိုရ်မင်းသမီး၊ ဆားလင်းကြီးမင်းသမီး၊ မင်းပြင်မင်းသမီးတို့က ဤကဲ့သို့မပြောမဆို ၊ ရန်မတွေ့ရလေအောင်ဆုံးမသော်လည်းမရဟု ဆိုပါသည်။ သို့နှင့်ပင်တောင်ညိုထိပ်ခေါင်တင် သီရိသဒ္ဒါဝတီသည် ခမည်းတော်အတွက်လည်းစိတ်မကောင်း၊ လင်သားအတွက်လည်းပူဆွေးရနှင့် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ မြင်ကွန်းမြင်းခုံတိုင် အရေးတော်ပုံဖြစ်ပြီး (၂)နှစ်ခန့်အကြာ (၁၂၃၀)ပြည့်နှစ်တွင် ကံကုန်တော်မူသွားပါသည်။

ပါတော်မူပြီးနောက် အိမ်ရှေ့ဘုရားသမီးတော် ကောင်းတုံထိပ်ခေါင်တင်သည် အရပ်သားဦးခင်ဆိုသူနှင့်လက်ဆက်ခဲ့သည်။ (၁၂၅၁) ခုနှစ်တွင် သမီးတော်ကောင်းတုံထိပ်တင်မကြီးကို ဖွားသည်။ ကောင်းတုံထိပ်တင်မကြီးအောက် ကောင်းတုံထိပ်တင်ကလေးဟုခေါ်သော သားတော်တစ်ပါးဖွားသေးသည်။ ကောင်းတုံထိပ်တင်မကြီးသည် သမီးဦးဖြစ်ပေရာ ဖခင်ဦးခင်နှင့် မယ်တော် ကောင်းတုံထိပ်ခေါင်တင်တို့က အလွန်အလိုလိုက်ခဲ့သည်ဟုဆိုပါသည်။ ထိုစဉ်က မောင်တော်ကောင်းတုံထိပ်တင်ကလေးလည်း မမွေးသေးပေရာ ကောင်းတုံထိပ်တင်မကြီးမှာ ကစားဖော်မရှိဘဲ တစ်ဦးတည်းကစားရသည်ဟုဆိုပါသည်။ မိဘများက တစ်ဦးတည်းသော သမီးတော်လေးကို အတိုင်းအဆမရှိ မုန့်ပဲသားရေစာစားရန်ပေးသော်လည်း ရုတ်တရက်မစားဘဲ *ဒါက ပတိမ်းနောင်တော်အတွက်တစ်ပုံ ၊ ဒါက စမ္ပာယ်နဂိုရ်ကလေး အတွက် တစ်ပုံ၊ ဒါက တိုင်းတားမောင်တော်လေးအတွက် တစ်ပုံ* စသည်ဖြင့် ဝေပုံချပြီးမှ သူ့ဘာသာသူ စားလေ့ရှိသည်ဟုဆိုပါသည်။ ဤအချင်းအရာကို မြင်ရသော လူကြီးများနှင့် ဆွေတော် မျိုးတော်များက *ဪ … ကောင်းတုံထိပ်တင်မကြီးဟာ တောင်ညိုထိပ်ခေါင်တင်ဝင်စားတာပါလား၊ အရင်ဘ၀က ကောင်းတုံထိပ်ခေါင်တင် ညီမတော်လေးက သူ့ကိုသွားပြီး ရန်တွေ့နေသည်ကို စွဲကာ သည်ညီမတော်လေး၏ ၀မ်းတွင်မှ လာဝင်စားရလေတယ်* ဟုကောက်ချက်ချတော်မူကြသည်ဟုဆိုပါသည်။ ဖော်ပြပါ ကောင်းတုံထိပ်တင်မကြီး၏ လူဝင်စားမှုကိစ္စတွင် ယခင်ဘ၀က လူဝင်စားသူမှာ တောင်ညိုထိပ်ခေါင်တင်ဖြစ်ပြီး ယခုဘ၀တွင် တူမတော်အဖြစ် ကောင်းတုံထိပ်တင်မကြီးဟုဖြစ်ရလေသည်။ နှစ်ဘ၀လုံး ကုန်းဘောင်မင်းဆက်ပင်ဖြစ်သည်။ ကောင်းတုံထိပ်တင်မကြီးသည် (၁၃၁၂)ခု၊ သီတင်းကျွတ်လဆန်း(၂)ရက်နေ့တွင် ကံကုန်တော်မူသည်။

-----

ကုန်းဘောင်မင်းဆက်လူဝင်စားထဲမှ စာရေးသူသိသော တတိယလူဝင်စားမှုမှာလည်း အိမ်ရှေ့တော်ဆက်ထဲမှပင်ဖြစ်ပါသည်။ ထိုလူဝင်စားမှာ အိမ်ရှေ့စံကနောင်မင်း၏ သားတော်မြင်းမှူးမင်းသားကြီးထိပ်တင်ကိုယ်တော်စိုး၏ သားတော်အငယ်ဆုံး ထိပ်တင်ဆွေပင်ဖြစ်ပါသည်။ မြင်းမှူးမင်းသားကြီးထိပ်တင်ကိုယ်တော်စိုးဆိုသူမှာ အိမ်ရှေ့စံကနောင်မင်းနှင့် ဆောင်ရသခင်ကြီး သုသီရိသဉ္စာခင်သဲအူ ( ရွှေဘိုမြို့သူကြီး ဦးရွှေရေးသမီး)တို့၏ တစ်ပါးတည်းသောသားတော်ဖြစ်ပါသည်။ ထိပ်တင်ကိုယ်တော်စိုးသည် အိမ်ထောင်ဆက်များသည်။ သူ၏ ပထမဆုံးအိမ်ထောင်ဘက်မှာ အိမ်ရှေ့မင်းသမီးတော် ထိပ်ခေါင်တင်ခင်ဖြစ်သည်။ ထိပ်ခေါင်တင်ခင်က ဖဲအလွန်ကစားသည်ဟုဆိုသည်။ ရွှေမန်းကျီးတောင့်နှင့် ဖဲရိုက်သည်။ သို့ဖြင့် လင်မယား အဆင်မပြေဖြစ်ကာ သမီးလေးနှစ်ပါး အမြွှာမွေးပြီး လင်မယားကွဲကြသည်။ သမီးလေးနှစ်ပါးသည် ငယ်ငယ်နှင့်ပင်လွန်သည်။ ထိပ်တင်ကိုယ်တော်စိုး၏ ဒုတိယအိမ်ထောင်မှာ အစ်မတော် စမ္ပာယ်နဂိုရ်မင်းသမီး၏ အပျိုတော် ခင်ခင်ခဆိုသူဖြစ်သည်။ တတိယအိမ်ထောင်ဆက်မှာ ရေနံချောင်းမင်းကြီး ဦးစို၏မြေး မအုန်းပွင့်ဆိုသူဖြစ်သည်။ စတုတ္ထအိမ်ထောင်ဆက်မှာ အရပ်သူ ခင်ခင်ရွှေဖြစ်ပါသည်။ ထိပ်တင်ကိုယ်တော်စိုးနှင့် မြောက်သားတော်ခင်ခင်ရွှေတို့တွင် သားတော် သမီးတော် (၉)ပါးထွန်းကားရာ သားတော်အငယ်ဆုံး ထိပ်တင်ဆွေသည် လူဝင်စားဖြစ်သည်။ ထိပ်တင်ဆွေသည် (၁၂၇၈)ခု၊တပေါင်းလပြည့်ကျော်(၁၅)ရက် ဖွားဖြစ်ပါသည်။

မြင်းမှူးမင်းသားထိပ်တင်ကိုယ်တော်စိုး၏ ပထမဆုံးအိမ်ထောင် ထိပ်ခေါင်တင်ခင်မှာ အိမ်ရှေ့စံကနောင်မင်းနှင့် ကိုယ်လုပ်ဆောင်ရ သခင်ကြီး ခင်ဖွားကြီး(ပုဂံမင်းလက်ထက်သံတော်ဆင့်မဟာမင်းလှကျော်စွာ၏ သမီး)တို့၏ သမီးတော် အငယ်ဖြစ်သည် ။ အိမ်ရှေ့မင်းနှင့် ခင်ဖွားကြီးတို့တွင် သမီးတော်(၅)ပါးထွန်းကားရာ (၃)ပါးမှာ ငယ်ကလွန်၍ ထိပ်ခေါင်တင်ကောင်းနှင့်ထိပ်ခေါင်တင်ခင်ဟူ၍ သမီးတော်နှစ်ပါးသာ အဖတ်တင်ပါသည်။ အိမ်ရှေ့စံကနောင်မင်း နတ်ရွာစံပြီးနောက် ခင်ဖွားကြီးသည် မတ္တရာဝန် ဦးဖိုးသော့နှင့် နောက် အိမ်ထောင်ပြုသည်။ ထိုအိမ်ထောင်နှင့် ခင်မောင်ကြီးဟုခေါ်သော သားတစ်ယောက် ထွန်းကားပြန်သည်။ ကြီးပြင်းလာသောအခါ ခင်မောင်ကြီးသည် မြို့အုပ်ဖြစ်လာသည်။ ထိပ်ခေါင်တင်ခင်နှင့် ခင်မောင်ကြီးတို့သည် မအေတူဖအေကွဲ မောင်နှမဖြစ်ရာ ထိပ်တင်ကိုယ်တော်စိုးနှင့် ခင်မောင်ကြီးသည် သမီးယောက်ဖတော်သည်။ ထိုမြို့အုပ် ခင်မောင်ကြီးကွယ်လွန်သောအခါ ယောက်ဖတော်သူ ထိပ်ထင်ကိုယ်တော်စိုး၏ စတုတ္ထအိမ်ထောင်ခင်ခင်ရွှေတွင် သားတော်အငယ်ဆုံး ထိပ်တင်ဆွေအဖြစ် လာရောက်ဝင်စားခြင်းဖြစ်သည်။ ယခင်ဘ၀မြို့အုပ်ဦးခင်မောင်ကြီး၏ အမူအကျင့်များအားလုံး ယခုဘ၀ထိပ်တင်ဆွေတွင် ပါလာသည်ဟုအဆိုရှိပါသည်။ ထိပ်တင်ဆွေသည် ပတိမ်းထိပ်တင်မကြီးဆိုသူနှင့်အိမ်ထောင်ကျသည်။ ပတိမ်းထိပ်တင်မကြီးမှာ အိမ်ရှေ့စံကနောင်မင်း၏ သားတော်ကြီး ပတိမ်းမင်းသားနှင့် လှိုင်ထိပ်ခေါင် တင်ဖွားတို့စုံဖက်၍ရသော ပတိမ်းထိပ်တင်ကလေးနှင့် ကျိုက်ပဒိုင်သူ ဒေါ်နှင်းမြတို့၏ သမီးကြီး ဖြစ်သည်။ ထိပ်တင်ဆွေနှင့် ပတိမ်းထိပ်တင်မကြီးတို့သည် သားသမီးများထွန်းကားသော်လည်း ငယ်စဉ်ကပင်ဆုံးပါးသွားကြသည်။ ပတိမ်းထိပ်တင်မကြီးသည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ကံကုန်သွားရှာသည်။ ထိပ်တင်ဆွေ၏ လူဝင်စားမှုကိစ္စတွင် ယခင်ဘ၀က၀င်စားသည်မှာ ဖခင်ဖြစ်သူ၏ ယောက်ဖ မြို့အုပ်ခင်မောင်ကြီးဖြစ်ပြီး ယခုဘ၀တွင် ယောက်ဖတော်၏ စတုတ္ထအိမ်ထောင်မှ သားတော်လာဖြစ်ရလေသည်။

-----

စာရေးသူသိသော စတုတ္ထလူဝင်စားမှုမှာ အိမ်ရှေ့တော်ဆက်ထဲမှပင်ဖြစ်သည်။ ထိုလူဝင်စားမှာ အထက်၌ဖော်ပြခဲ့သော လူဝင်စားထိပ်တင်ဆွေ၏ မြောက်သားတော် ပတိမ်းထိပ်တင်မကြီး၏ မောင်အငယ်ဆုံးဖြစ်သည်။ ပတိမ်းထိပ်တင်ကလေးနှင့် ဒေါ်နှင်းမြတို့မှ သားသမီး(၅)ယောက်ထွန်းကားသည်။ ထိပ်တင်ညွှန့်၊ ထိပ်တင်မကြီး ၊ ထိပ်တင်လှ၊ ထိပ်တင်မလေးနှင့် ထိပ်တင်စောတို့ဖြစ်သည်။ အကြီးဆုံးထိပ်တင်ညွှန့်နှင့် အငယ်ဆုံးထိပ်တင်စောတို့သည် ယောင်္ကျားလေးများဖြစ်သည်။ ပတိမ်းထိပ်တင်ကလေး၏ မြောက်သားတော် ဒေါ်နှင်းမြ၏ ညီမဒေါ်ရီသည် သူဌေးကြီးဆာဖိုးသာ၏ဇနီး လေဒီသာဖြစ်သည်။ ဒေါ်နှင်းမြနှင့်ဒေါ်ရီ(လေဒီသာ)တို့၏ ဖခင်သည် ကွယ်လွန်သောအခါ ဒေါ်နှင်းမြ၀မ်းတွင် လာဝင်စားပြီး ထိပ်တင်စောဖြစ်လာသည်။ ထိပ်တင်စော လေးငါးနှစ်သားအရွယ်က ရန်ကုန်ရှိလေဒီသာ၏ အိမ်တွင် ရှေ့နေတစ်ဦးနှင့် လေဒီသာတို့ ဧည့်ခန်းတွင်ကိစ္စတစ်ခုကို ဆွေးနွေးနေကြသည်ဆိုသည်။ ထိပ်တင်စောသည်အနားတွင် လာရပ်၍နေ၏ ။ မိခင်ဖြစ်သူဒေါ်နှင်းမြက ကလေးအရာမဟုတ်၍ ခေါ်ထုတ်ရာမလိုက်ဘဲ ဇွတ်ပေ၍နေသည်။ လက်ကိုအတင်းဆွဲ၍ခေါ်ရာ-

*မရီကို စိတ်မချဘူး၊ စိတ်မချဘူး*

ဟုအော်ဟစ်ကာ ရုန်းကန်၍ငိုတော့သည်ဆိုပါသည်။ ဤသို့ဖြစ်ပျက်ပြီးသည့်နေ့မှစ၍ ဆက်မေးကြည့်ရာမှ ထိပ်တင်စောသည် ဒေါ်နှင်းမြနှင့် လေဒီသာတို့၏ ဖခင်ဝင်စားသည်ဟုသိရတော့သည်။ ထိုအချိန်မှစ၍ ထိပ်တင်စောကို ဒေါ်နှင်းမြနှင့် လေဒီသာတို့က *အဖေကြီး*ဟု ခေါ်ရာမှ အစ်မများကလည်း လိုက်ခေါ်ကြရာ ထိပ်တင်စောငယ်မည် *အဖေကြီး*ဟု တွင်သွားတော့သည်။

ထိပ်တင်စောသည် အသက်(၇၁)နှစ်တွင် လူဝတ်ကြောင်ကို စွန့်၍ ရဟန်းပြုသွားသည်။ ယခုထိသက်ရှိ ထင်ရှားရှိပါသေးသည်။ ပတိမ်းထိပ်တင်စော၏ လူဝင်စားမှုကိစ္စတွင် ယခင်ဘ၀က မိခင်ဘက်မှ အဘိုးဖြစ်ပြီး ယခုဘ၀တွင် မြေးလာဖြစ်ရလေသည်။

ဗုဒ္ဓဘာသာတွင် ဘ၀သံသရာကို ယုံကြည်မှုရှိပေရာ ဤယုံကြည်ယူဆချက်သည် အကျိုးမယုတ်ပေ။ ကောင်းသော အကြောင်းတရားနှင့် အကျိုးရှိသောယုံကြည်မှုပင်ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဓလေ့ပင်ဖြစ်သည်။ ထို့ကြောင့် *ပျောက်သောသူရှာလျှင်တွေ့ ၊ သေသောသူကြာလျှင်မေ့* ဟူသော စကားတွင် *သက်ဝင်ယုံကြည်မူ၊ သေသူကိုပြန်လည်တွေ့* ဟူ၍ပင် ဖြည့်စွက်လိုက်ချင်ပါတော့သည်။

[သည်ဆောင်းပါးဖြစ်ပေါ်ရေးအတွက် ကူညီသော အိမ်ရှေ့တော်ဆက်များနှင့် ထိပ်တင်ကိုယ်တော်စိုး၏ မြေးသမက်တော် ဦးစိန်မောင်ဦးတို့အား ကျေးဇူးတင်ရှိပါသည်။]

မောင်သန်းဆွေ(ထားဝယ်)

ဆွဲပန်းချီ(၁)ပုံ ၊အဖြူအမည်းပုံနှစ်ပုံပါ ။ စာ၁၇၈-စာ၁၉၆

ရန်အောင်စာပေ

တိုးထက်

စီစဉ်သည့်

ကုန်းဘောင်ဆက်လူဝင်စားများ

နှင့်

ဂမ္ဘီရဖြစ်ရပ်ဆန်းများ

ပုံနှိပ်ခြင်း

ပထမအကြိမ် ၊ ၂၀၀၂-ခုနှစ်၊စက်တင်ဘာလ

အုပ်ရေ-၁၀၀၀

ခွင့်ပြုချက်အား ဤနေရာမှတောင်းဆိုလိုက်ရပါသည်။ ပြန်လည်ကူးယူရိုက်နှိပ်ဖော်ပြသူ

2 comments:

SuN said...

သံသရာလေ.. လည်နေတာ .. ပြတ်အောင်ဖြတ်ကြဖို့ က ကိုယ့်တာဝန်

naing said...

ပြဿနာ(၂)ရပ်ပါပဲ ။ လည်နေတာရယ် ၊ ပြတ်အောင်ဖြတ်ဖို့ရယ် ။ သစ္စာ ပါပဲ ။ ကျေးဇူးပါ ၊ မ SuN ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်