Monday, November 12, 2007

eString

လျှပ်စစ်ကြိုးတစ်ချောင်း

အဲဒီညက အုတ်၊ထုံး၊သဲ၊ကျောက်နှင့် ရေနံချေးဝနေသော သစ်သားအဆွေးများ၏ အနံ့ပေါင်းစုံဖြင့် အတော်ကြီး မွှေးပျံ့နေသည်။ မြေကွက်လပ်ရှေ့မှ လမ်းမီးတိုင်၏မီးချောင်းက လင်းလွန်းလှသည်။ မျက်နှာကို ရောင်ပြန်ဟပ်သဖြင့် လက်ကွယ်၍ ကြည့်မိသည်။

ညကောင်းကင်မှာ ကြယ်များစွာ လင်းလက်တောက်ပနေမြဲ။ ကြယ်တွေမော့ကြည့်ချင်သော ငယ်ကျင့်လေးက စွဲနေပြီ။ ကိုယ့်ရင်က ကြယ်လည်း ထွန်းလင်းတောက်ပနေသည်။ ပြတင်းတံခါးမှတဆင့် လင်းသောကြယ်က ဒီနေ့ည ထိုင်ခုံမှာ ထိုင်နေသည်။ ညကိုးနာရီခွဲနောက်ပိုင်း စံတော်ချိန်မှန်စွာလာသော ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်နေသည်။

ကြယ်ကြွေတွေရေတွက်ချင်မှ ရေတွက်မည်။ သို့သော် ကိုယ့်ရင်က ကြယ်ကိုကြည့်ရင်း စားသော ချိုချဉ်က ပိုချို၊ပိုချဉ်။ အသာနွှာပြီး ၀ါးသော နေကြာက ပိုစိမ့်သလိုလို။ လေတိုက်သောအခါ ယိမ်းနွဲ့သွားသော လျှပ်စစ်ကြိုးအချို့ တွဲရရဲ ကျနေသည်။

လေတိုက်လာသည်။ အနည်းငယ် အေးစိမ့်သလိုဖြစ်သွားသည်။ နေရာပြင်၍ မျှော်ကြည့်သည်။ အစီအစဉ်သည် ဆက်ရန်ရှိတတ်သည်။ အချိန်သည်လည်း သတ်မှတ်မှုအရ ပြောင်းလဲလာသည်။ လေတစ်ချက် အဝေ့တွင်

*ဒေါက်*

*ဟာ*

အမြင့်မှကျသော အသံတစ်ခု။ အစီအစဉ်အပြီး နေရာအရွေ့ ကံကြမ္မာပါ ရွေ့သွားလေသလား။ လမ်းမီးတိုင်မှ မီးချောင်းမှိတ်သွားခဲ့သည်။ ဘယ်ကပေါ်လာ၍ ကျလာသည်မသိ။ ကြယ်ကြွေတော့မဖြစ်နိုင်။ လေသင့်သလား၊ လူကြောင့်လား ခွဲခြမ်းစိတ်ဖြာမနေအား အနောက်ဘက် ဝေးဝေးသို့ အလျင်အမြန် နေရာပြောင်းခဲ့သည်။

မီးရောင်ပျောက်တဲ့ ကြယ့်ဒေါသ လှလှလေး အသော့နှင်ရင်း မြင်လိုက်ရသည်။ ညက၀ိုးတ၀ါး မီးရောင်ကပြောက်ကျား ။ လမ်းသွယ်ကို အသာချိုးပြီး အရှေ့နားကို ကဲကြည့်လိုက်သည်။

*ဒီကောင်ပဲ နေမှာ*

*ဟော ပြောရင်းဆိုရင်း ထွက်သွားပြီ*

*အကောင်စုတ်*

အသံတွေ ပေါ်လာသည်။ မလှပသော ဖြစ်စဉ်တွေ ဖြစ်လာတော့သည်။

>>>>>

|||||

<<<<<

အိမ်ပြန်အရောက် ကြယ်ရောင်တောက်ပနေသည်ကို ရင်ခုန်စွာ တွေ့လိုက်ရသည်။ အကြောင်းအရာနှင့် ခေါင်းစဉ်တွေက ရင်ခုန်သံမပါ။ ဖြစ်စဉ်ကို နားဆင်ရင်း အကျိုးသင့် အကြောင်းသင့်တွေ ရှင်းလင်းရတော့သည်။

စာသင်သားသည် စာသင်ချိန်၌ စာကိုသာ ကြိုးစားသင်ယူရမည်။ လောကသဘာဝကို လေ့လာမှုသည်လည်း ရှိရမည်။ သို့သော် ၀န်းကျင်ပတ်ချာ လူ့ရွာအလည်တွင် လူအများနှင့် သင့်တင့်အောင်လည်း နေထိုင်တတ်ရမည်။ သူတပါးအား စိတ်လက်မကြည်သာအောင် နှောက်ယှက်ခြင်းလည်း မရှိသင့်ပေ။ နာခံမှုသည် ဆိုဆုံးမသူပေါ်တွင် မူတည်သည်။ တခါတရံ ဆိုးသွမ်းသူအား ရိုက်နှက်ဆုံးမသင့်သည်လည်း ရှိရာ၏။ သို့ကြောင့် ရိုက်နှက်ရန် သစ်သားချောင်းလေးများ အသင့်ပြုလုပ်ထားမိသည်။

မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပေ။ လေတဖြူးဖြူးတိုက်ခတ်နေပြီး အေးချမ်းသော ညချမ်းအချိန်လေးမှာ ကြယ်တွေမလင်းပါ။ (၆၀)၀ပ်အား မီးသီးတစ်လုံးထွန်းထားသော အိမ်တစ်လုံးအပေါ်ထပ် ၀ရန်တာတွင် အသံညှင်းညှင်းဖြင့် ကြယ်တွေအကြောင်းသိကောင်းစရာများ နာယူမှတ်သားရသည်။ တချက်တချက် လေအတိမ်း လူအယိမ်း မီးရောင်ဟပ်သဖြင့် မျက်နှာပြင်တွင် အဖြူရောင်အသီးလေးများ တွဲခိုနေသည်။

လေတိုက်၍ လျှပ်စစ်ကြိုးတစ်ချောင်း ပြတ်တောက်ခဲ့သည်။

4 comments:

hnin said...

ကိုအိမ် အဲဒီညက အတော်စိတ်ပျက်သွားမှာပဲနော်။ မျှော်လင့်ချက်အတိုင်းဖြစ်မလာတဲ့ တစ်ည၊ လျှပ်စစ်ကြိုးက ပြတ်တောက်သွားတယ်ဆိုတော့ ကြယ်တွေမော့ကြည့်ချင်တဲ့စိတ်ကလေး ဝေးရတဲ့အပြင် လေ့လာမှတ်သားဖို့ စာလုပ်မယ်ဆိုတော့ မီးပြတ်တော့ အဲဒီညက အိပ်လို့တော့ ကောင်းမှာပေါ့။ မီးရောင်ဟပ်လို့ မျက်နှာပြင်မှာ အဖြူရောင်အသီးလေးတွေ တွဲခိုနေတာကို မြင်ရတယ်ဆိုတော့ မှန်ရှေ့မှာ ထိုင်နေတယ်ထင်တယ်။

naing said...

ဆိုပါတော့ ။

hnin said...

ကိုအိမ်က ဟိုးအရင်ကတည်းက ရေးတာကောင်းတာပဲ။ ဖတ်လို့ကောင်းတယ်။ ဒီနေ့ ဟိုး ပထမ နှစ်လကဟာတွေ ဖတ်တယ်။ ပပ၀တီတို့... ဘလော့အကြောင်းတို့... ဒါနဲ့ စကားမစပ် ချစ်သူရသလိုတော့ ဘလော့ကို မလုပ်နဲ့နော်။ မှိန်ပြီး ပျောက်ကွယ်သွားမှာစိုးလို့... ကိုအိမ်ပဲ အဲလိုပြောခဲ့တယ်မဟုတ်လား။ ကလေးလေး အိပ်နေတဲ့ပုံလေးက ချစ်စရာလေ။ ဒါနဲ့ ကိုအိမ် ကဗျာအပြင်းစာတွေ စပ်ပါဦး...

naing said...

မ hninhnin သီတင်းကျွတ် ၊ တန်ဆောင်တိုင် မီးရှူးပန်းတွေနဲ့ လူကိုတွဲချီသွားတာပဲ ။ မိုးပေါ်ရောက်မှ ပြုတ်ကျရင်တော့ ခပ် လန့်လန့်ပဲ ။ အခုလို သတိပေးတဲ့ အတွက် အထူးကျေးဇူးပါ ခင်ဗျာ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်