မှတ်သားမှုများ
ကျွန်တော်သည် မှတ်သားမှုများစွာကို အမှတ်တရရှိနေသည်။ နည်းမျိုးစုံမှတ်သားခဲ့သည်။ နေရာပေါင်းစုံမှ မှတ်သားမှုများစုပုံလာကြသည်။ ခေါင်းထဲမှတ်သားဖန် များလာသောအခါ တချို့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။ တခါတရံ မှတ်မှန်းမသိ မှတ်မိနေတော့သည်။
အဖေပြောတဲ့ Looping
အကယ်၍သာ ကိုယ်စိတ်ကျန်းမာချမ်းသာပါက အရာများစွာကို စွမ်းဆောင်နိုင်ပေမည်။ ထို့နောက် သတိ၊၀ီရိယနှင့် ကြိုးစားစေချင်သည်။ ကိုယ်တိုင်ကျင့်သုံးသော တည်ကြည်မှုကို အသုံးချရန် မကြာခဏပြောဆိုစေသည်။ ယုံကြည်ကိုးကွယ်မှုကိုလည်း မမေ့ရာ။ ထိုသို့မဟုတ်ပါက စိတ်၏ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းလည်း ကင်းဝေးရာ၏။ ထိုအခါ အထပ်ထပ် အဖန်ဖန် သံသရာ လည်နေတော့သည်။
မျက်မြင်မှတ်စားခြင်း
ငယ်စဉ်က အစာကို ငမ်းငမ်းတက် စားသောက်ခဲ့သည်။ ပျော်ရွှင်ကြည်နူးအရသာထူးလည်း လိုချင်တပ်မက်ခဲ့သည်။ လှတာလေးမှ လိုချင်ခဲ့သည်။ ၀လင်စွာစားသုံးပြီး အရသာပြည့်စုံသော မျက်မြင်သက်သေတချို့ ကျန်ရစ်စွဲထင်နေသည်။ ထိုအကျိုးဆက်ကား ဤသို့ဖြစ်ရာ၏။
ကြက်တောင်ပံကြီးများကို ၀ယ်ကာ လေးပိုင်းပိုင်းလိုက်၏။ တစ်ပုံက အဖျားရှူးနေသည်။ ထိုအဖျားများကို ရေနွေးနှင့် ပွက်ပွက်ဆူစေပြန်သည်။ ရေနွေးဆူသော် မက်ခေါက် အခြောက်ဖတ်များဖြင့် ချဉ်စေ ၊ ချိုစေ ၊ အပေါ့အငံလည်း မှန်စေ။ ကြက်သွန်နီဖတ်ဖြင့်လည်း လှစေ ၊ ပစေ။ ကျန် သုံးပိုင်းကို အနီရောင်ဆိုးသည်။ အရသာ ထပ်ပိုးသည်။ လက်ဖြင့်နယ်သည်။ လက်လည်းနီလေပြီ။ ဆီအိုးလည်း ဆူနေပြီ။ ညော်နံ့လည်း ထွက်သည်။ မွှေးတယ် ၊ မွှေးတယ် ဆိုပြီး ကိုယ်တိုင်လည်း တစ်အိုးကျက်တိုင်း တစ်ပိုင်းမြည်းလေသည်။ မြည်း ကြည့်ပါဦး၊ လှမှာပါ ။
ရနံ့လော အနံ့လော
သစ်သီးများ စားသုံးလျှင် အနံ့ပြင်းပြင်း မွှေးခြင်း ၊ ရွေးခြင်း လုပ်လေ့ရှိသည်။ သီသီး၊ ဒူးရင်းသီး၊ မင်းကွက်သီး အမျိုးတော့စုံစုံရှိမပေါ့ ။ ကိုယ်ကြိုက်ရာ ကိုယ်တိုင်ရွေး စားလေလေ့လေး ။
ရေမချိုးဖြစ်လျှင် ဖြစ်ဖြစ် အစားအသောက် သောင်းကျန်းလို့ဖြစ်ဖြစ် ခန္ဓာပုတ်လေသည်။ ချိုင်းကြားမှ အမွှေးများရှည်နေလျှင် ချွေးစို့ပြီး အနံ့အောင်းတတ်သည်။ ၀မ်းမသက် လေမထွက် လှုပ်လှုပ်ရှားရှား နည်းလျှင် အတော်ကြီး ဆိုးလေပြီ။
ရေမိုးချိုး အရည်ရွှမ်းသော သစ်သီးစား သွားသွားလာလာ လုပ်သောအခါ After shave (DENIM) ရနံ့က မွှေးပျံ့နေတော့သည်။
စကားတောင်လိုပုံ
တောင်စဉ် ရေမရ အကျိုးမဲ့ စကားတို့ ဆိုသည်။ အိုးဖုံး ၊ စလောင်းဖုံး တီး၍ ကျားခေါ်ပြန်သည်။ သင်အံလေ့ကျက် များများမှတ်သည်။ မေ့လျော့ပေါ့ဆ ဂူကြီးကိုလည်း တိုက်မိသည်ကား အခါခါ။ သိဉာဏ်ထက်သော တရားကိုလည်း နာကြားရာ၏။ ဒေါသလည်း ထွက်သည်။ လောဘလည်းရှိ၏။ တွေဝေငိုင်ခြင်း ဝေးဝေးမနေ အနီး၌လည်း နေကုန်ကြသည်။ စောင်းသံကြား၍ သာယာ၏။ ပိုးကြိုးလည်း ကုန်ပြီ ။ မောင်ပုံလည်း ရွာမှာ လယ်စိုက်နေသည်။ သူရင်းငှားအဆင့်မဟုတ် လယ်ရှင် ဖြစ်သည်။ သို့သော် *လူဘ၀ကို မင်းရခဲ့တယ်…* ၊ *တောင်စဉ်များ ကျော်လွန်ဖြတ်သန်းရင်း ရှေ့ဆက်ရမယ့် လမ်း …* ၊ *အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ် … စဉ်းစား…ဒါ ဟာ အိပ်မက်တဲ့လား* ၊ *ခိုး ခိုး ခိုးသွားပြီလေ ….* ၊ *နာမည် တစ်ခု … ကိုယ်အကြောင်းကိုယ်ပဲသိတယ်* ၊ *E=mc2 ရှာတဲ့သူကြီးကို ချစ်တယ်… ၊ လေဆိပ်ကြမ်းပြင်ကြီးကို လွမ်းတယ်… ဟုတ်လား * ။ သည်လိုနှင့် စကားတွေပုံ တောကြီးတွေ တောင်ကြီးတွေက ဖ၀ါးအောက် ၊ လူကကြမ်းပေါ် ပျင်းတိုင်းကျောခင်း ခြေဆင်းနေကြသည်။ *အတိတ်ကို တူးဆွမိသည်။ အနာဂတ်တက်လှမ်းရန် လှေကားထောင်သည်။ တူးရင်း နက်ရှိုင်း ကျယ်ဝန်းလာသည်။ လှေကားလည်း တိုတောင်းလာသည်။ ပစ္စုပ္ပန်ကို မရောက်သေး။* သိခေါက်ခက် အ၀င်နက် ၊ လှေအလူးမှာ ရူးချေပြီ။
ကိုယ်တိုင်ရေးတဲ့ အိပ်မက်
ချမ်းအေးသည်။ ပျင်းရိခြင်း ခြောက်ပါးမှ တစ်ပါးဖြစ်သည်။ အေးသောအခါ ဖောင်းပွမှုက သေးငယ်လာသည်။ ဆန့်တမ်းမှုများသည် ကွေးကောက်လာသည်။ နွေးထွေးအောင် လုပ်ယူကြသည်။ အပူအအေးမျှတသော် အိပ်ပျော်သွားလေတော့သည်။
*ဂီး ဂစ်*
*E If*
_ဟုတ်တယ်_
_ဟုတ်_
_သိလား_
*တိဝူး*
ကြက်တူရွေးကို ငရုတ်သီးစပ်စပ်ကျွေးပြီး စကားသံလေ့ကျင်နေသော ကောင်မလေးတစ်ယောက်။
ထမင်းဆာပြီ ၊ ထမင်းစားမယ် ။ ဆားထည့်စားဦး။
*အသံထွက်ကမမှန်ဘူး*
*ဒီကလေး တွေစာလုံးပေါင်းပဲ ပြောနေရတာ*
တွေးတောဆင်ခြင်တတ်သော အစ်မကြီး တစ်ယောက်။
* အမေဟာ အမေပါပဲ အမေ *
* သစ်ရွက်ကြွေတာ လေတိုးလို့ပါ *
ဘောလ်ပင်တွေ ချေးငှားရေးပြီး မင်ထွက်များလို့ စာရွက်ကုန်သော အစ်မကြီးတစ်ယောက်။
* တင်ပလိပ်တွေ အရည်ဖျော်နေတဲ့ နေကောင်းပြီးစ လူတစ်ယောက် * ခြေထောက်သုံးချောင်းနဲ့ သွားနေတယ်။ ပုံတွေရေးဆွဲနေတယ်။
လေတိုက်ရင် လွင့်ပါလာတဲ့ ဖုံတွေ သဲတွေကို ကြောက်တဲ့လူကြီးတစ်ယောက်။ သူ့ပြူတင်းတံခါးဖွင့်မှ လေ၀င်တော့တယ်။
အကသင်တန်းဆရာက အင်္ဂလိပ်စာ စာတမ်းရှည်ကြီးတွေ ဝေနေလေရဲ့။
မြန်မာစကားတတ်တဲ့ တိုင်းရင်းသားကြီးတစ်ယောက် ခရီးရှည်ပွဲကို ပျော်ပျော်ကြီးဝင်နွဲ ၊ ၀င်ဆဲ။
သံသာချို ခွန်းတုံ့ဆိုတဲ့ ပညာရှင် မေပျိုတစ်ယောက်။
မိုးပေါ်က အပြာရောင်နောက်ခံကို ခံစားပြီး ဝေးလွင့်သူ တစ်ယောက်အကြောင်း စဉ်းစားရင်း နှုတ်ဆက်ထွက်ခွာခဲ့တယ်။
လူကသန်မာထွားကြိုင်းသလောက် ကြွက်ကြောက်တဲ့ မြေအောက်မှာနေထိုင် ပညာရှာသူတစ်ယောက်။
ဝပ်တွားခယ ရိုကျိုးလိုက်ပုံများ ဘုရားတောင်ပြားအောင်ဖူးမြော်တဲ့ ယုန်တစ်ကောင်။
အာကာသတက်မဲ့ ကိုရင်တက်တုံးး အိုး အော်တုံးး
ကောင်းကင်အရောင်ကို ဖြူပြီ ၊ နုပြီ ဟု တရားမှတ်နေသော အေးချမ်းစွာနေထိုင်သူ အစ်မကြီးတစ်ယောက်။
သစ်ပင်စိုက်ပြီး ကြီးပွားနေသူတစ်ယောက် အလေးမပြိုင်ပွဲဝင်သောအခါ သူမ၏ကမ္ဘာ့ဆောင်ပုဒ်တစ်ခု ရွတ်ဆိုနေသည်။
ကမ္ဘာပိုင်ကို တစ်ဦးတည်းပိုင် မှတ်ပုံတင်သုံးစွဲပြီး မော်ဒယ်ကျကျ မီးထွန်းရှာသူ ပညာရှင် အစ်မကြီးတစ်ယောက်။
ဝက်အူချောင်းပေါင်းစားတဲ့ အသက်မကြီးတော့သော ပပ၀တီမျိုးနွယ်စု သခင်မတစ်ပါး။
သံစဉ်တွေ စီရရီဖြင့် ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သသော အစ်မကြီးတစ်ယောက်။
ဖုန်းပြောသော အမေကို ကြည်စားနေသော သမီးပျိုလေးတစ်ယောက်။
စီပုံးကို ရေစည်လှည်းလုပ်ထားသော လူတစ်စု။
အမည်မသိ စာဆိုရှင် ဆရာ၊ ဆရာမများစွာကို တွေ့ကြုံရသည်။
အိပ်မက်မှ နိုးထလာသည်။ အမှန်တကယ် ၀န်းကျင်က သစ်လွင်မှုနှင့်အတူ ညှိုးရင့်လာသည်။ လူတွေသွားလာနေကြသည်။ အဝေးမှ မြင်နိုင်သည်။ မသိသူ ၊ သိသူ နှုတ်ခွန်းဆက်သမှုများ ရှိသလို ။ ရင်းနှီးကျွမ်းဝင်ပြောဆိုနေသည်လည်း ရှိ၏။ နှုတ်ဆိတ်၍ ခပ်မဆိပ် နေသူများလည်း ရှိသည်။ ဒီကနေ့ အိပ်မက်က ရှည်လိုက်တာ ။ အိပ်ပျက်သူ၏ ညတာသည် ရှည်လျားလှပေသည် ဟူသော စာသားတစ်ကြောင်း ခေါင်းထဲပေါ်လာတော့သည်။
2 comments:
ဒါလေးလဲ မိုက်တာပဲ။ ကောင်းတယ်။ ဘာရေးထားမှန်းတော့ မသိဘူး။ ဖတ်လို့တော့ ကောင်းတယ်။ ဥာဏ်မမှီလို့ နေမှာပါ။
လာဖတ်သွားတာ ကျေးဇူး ။
Post a Comment