Tuesday, August 14, 2007

Afraid

ကြောက်ရွံခြင်း

တ၀ီဝီမြည်ပြီး ချီတက်ပျံသန်းလာသော ခြင်တစ်အုပ် အသံ ကြားနေရသည် ။ ဒီလူသား အသွေးချိုစိမ့်တယ် ၊ ကောင်းလေစွ ၊ ကောင်းလေစွလို့ ခြင်သာဓုခေါ်သံ ကြားနေရတယ် ။ ဖုတ် ဖပ် ၊ ဖုတ်ဖပ်နဲ့ ခြောက်ရင်း ရိုက်ရင်း အိပ်ပျော်သွားတယ် ။ ဒါက လွမ်းသူ၏ ခြင်ရိုက်ခန်း ။ အိပ်ပျော်ခါနီး ထိတ်လန့်စေသော အရာတစ်ခုကို အင်တာနက်ပေါ်မှာ ကြည့်ရှုခဲ့ရသည် ။ အိပ်ပျော်သွားခဲ့တယ် ။ လန်းဆန်းစွာ လမ်းလျှောက်နေခဲ့တယ် ။ နောက်ပြီး အိမ်ဟောင်းကြီး (၂)လုံးကြားမှာ ကိုယ်ခန္ဓာကြီးမားသော အရိပ်ကြီး(၃)ရိပ်နဲ့အတူ သွေးလေခြောက်ခြား နေခဲ့ရတယ်။ လန့်လိုက်တာ ၊ ဘယ်လို လွတ်အောင် ထွက်ပြေးရမလဲ ။ စဉ်းစားစမ်း ။ အရိပ်က ထပ်ကြပ်မကွာပါလာတယ် ။ ပြေးလို့မလွတ်တော့ဘူး ။ အန် … ဘယ်နေရာရောက်သွားပါလိမ့် ။ သီချင်းသံလေး သဲ့သဲ့ကြားရတယ် ။ *အရင်တစ်ခါ နေလာခဲ့တဲ့ … ဘ၀ကို ပြန်နေချင်သေးတယ် ….. အတူနေချင်ပေမယ့်လည်း … ဘ၀ရယ် … * အစိမ်းစားသွားခဲ့တယ် ။ တကိုယ်လုံး ပူလောင်နေသလို ခံစားရတယ် ။ အိုက်စပ်စပ်ဖြစ်နေတယ် ။ ဘယ်လို ကြီးပါလိမ့် ။ ညတာရှည်လွန်းလှတယ် ။ အလင်းရောင်တောင် ပေါ်နေပြီ ။ အော်…နိုးနေပြီပဲ ။ ရေတစ်ခွက်လောက် ထသောက်ဦးမှပဲ ။ အာရုံတွေ ရှုပ်ထွေးသွားလို့ ဖြစ်မယ် ။ ငယ်တုန်းကလို ၀ူး ၊ ၀ါး ကနဲ ခြောက်လန့်လိုက်တာလေးတွေ မဟုတ်တော့ဘူး ။ အာရုံမှာ အမြင်မှား အသိမှား တွေ မြင်နေရတယ် ။ လန့်လိုက်တာ ၊ ဘုရား… ဘုရား ၊ ဒါနဲ့ဆို အိပ်မက်က မက်တာ (၂)ခါရှိပြီ ။ အဲလိုမျိုးကြီးသာ အလိုက်ခံရရင် ပြေးလို့ လွတ်ပါ့မလား ။ တရား မှတ်လို့ကလည်း မရဘူး ။ *ခလုတ်ထိမှ အမိတ* မှန်လိုက်တာ လို့ မပြောချင်တော့ဘူး။ အမေလည်း ပင်ပန်းရှာရော့မယ် ။ အဖေလည်း ထို့အတူပဲ ။ ဟာ … သိပြီ ။ ဗိုက်အောင့်တာက အစာမကြေလို့ပဲ ။ ညမိုးချုပ်မှ ထမင်းစားများပြီး ရေတွေ နင်းကန်သောက်ထားလို့ ဖြစ်မယ် ။ လျက်ဆားလျက်ဦးမှ ။ ပုလင်းဖင်ကပ်တော့ ကျန်သေးတယ် ။ အင်း … နည်းနည်း သက်သာသွားပြီ ။ ခဏမှေးနေတာ ကောင်းပါတယ် ။

***

ကိုယ်လက်သန့်စင်ပြီး (၁၁)နာရီ ကျော်နေပြီ ။ ဒီနေ့တော့ မီပါတယ် ။ ထမင်းစားချိန်ပြီးမှ ရောက်ရင် ရတယ် ။ မနေ့တုန်းက ဆရာ စာမေးတော့ မရဘူး ။ စာများများဖတ်ဖို့ လိုတယ် တဲ့ ။ ဒီနေ့ ရောက်တော့ ဆရာ အပြင်သွားနေတယ် ။ စောင့်တာ (၁)နာရီခွဲနေပြီ ။ ပြန်လာခဲ့တယ် ။ အားပါး … ပူလိုက်တာ ။ ရေသောက် ။ ရှိတဲ့ ခရမ်းချဉ်သီး ကလေးလက်သီးဆုပ် တစ်လုံး ၊ ကြက်သွန်နီက လူကြီးလက်သီးဆုပ် တစ်လုံး ၊ လေးလက်မ မပြည့်တဲ့ တစ်မတ်လုံး သခွားသီး (၂)လုံး ၊ သံပုရာသီး တစ်ညစ်စာ ၊ ဆား ၊ အချိုမှုန့် ၊ ဆီချက်ပြီးသား ထည့်နယ်တယ် ။ ရေနွေးတည်ထားတယ် ၊ လက်ဖက်ခြောက်ကုန်ပြီ ။ ရေနွေးဖြူ နဲ့ မြန်မြန်လေးမျှောချလိုက်မှ ဗိုက် ပြည့်သွားတယ် ။ ပူတယ် ။ လေတိုက်အောင် တံခါးဖွင့်ထားလည်း မအေးသေးဘူး ။ လှဲလိုက်တယ် ။ အိပ်ပျော်သွားရော ။ နှစ်နှစ်ခြိုက်ခြိုက်ပါပဲ ။ အမေပြောတဲ့ *အစာလည်းဆေး ၊ ဆေးလည်း အစာ* ဆိုတာ ဒါပဲဖြစ်မယ် ။ ခေါင်းတော့ ကြည်လင်သွားပြီ ။ _အကျီစားသန်ရင် ၊ ရန်ဖြစ်တတ်တယ်_ စတာနောက်တာ မလွန်အောင် ထိန်းရမယ် ။ စိတ်၏ ကျန်းမာချမ်းသာခြင်း နဲ့ ပြီးပြည့်စုံနိုင်ပါစေ ။

2 comments:

hnin said...

ကြောက်ရွံ့ခြင်းက အမျိုးမျိုးရှိတယ်နော်။ ဒါကတော့ ဘ၀ကိုရင်ဆိုင်နေတဲ့လူတစ်ယောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံပေါ့။ အကျီစားသန်ရင် ရန်များတယ် တဲ့။ မှန်တာပေါ့။ အကျီစားသန်တတ်လို့လား။ ဒါဆို သည်းခံနိုင်တဲ့အင်အားလည်း မွေးထားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အရေးအသားကိုတော့ လေးစားပါတယ်။

naing said...

အားပေးမှု ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်