Sunday, August 12, 2007

Just i write

ရေးမိသည် ။

နေထိုးလို့ မှန်ပြတင်းတံခါးမှ အလင်းရောင်က ပိုပြီး စူးစူးလင်းလက်နေတယ် ။ ပန်းပင်ရေလောင်းဖူးသည် ။ ပန်းပင် ပြုစုပျိုးထောင်နည်း သင်ဦးမှ ။ *အစိမ်းရောင် အပင်တွေက လူတွေကို အကျိုးပြုတယ်* လို့ မှတ်သားဖူးပါရဲ့ ။ ဖတ်မိတာက စာတစ်ပုဒ် ။ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိလို့ ရေးမိသည် ။ အကြောင်းအရာက ခံစားချက် နှင့် ဖြစ်တတ်သော သဘာဝလို့ အကြောင်းပြသည် ။ ရေးတော့မည် ။ ကျူးရင့် သီဆိုသော စာသားတစ်စ ဟု အပြစ်ဆိုစေက ဆိုစေတော့ ။

လူသူတိတ်ဆိတ်သော နေရာတွင် ပျော်မွေ့တတ်ကြသည်မှာ စွဲလမ်းခြင်း တစ်မျိုးပဲလား ။ ကားမောင်းသမား တစ်ယောက် ။ လင်ရှိသော မိန်းမ တစ်ယောက်၏ မျက်ဝန်းညိုကို စွဲမှတ်မိသည် ။ ယောင်္ကျား (၂)ယောက် ။ မိန်းမ (၁) ၊ ကာမပိုင် လင်ရှိသော မိန်းမတစ်ယောက် ။ စွဲလန်းစွာ တတ်မက်တတ်သော စိတ်ဖြင့် ထိုမိန်းမအား စွဲလန်းခဲ့သည် ။

ထိုမိန်းမ၏ အကြောင်းအား အမျိုးသမီးထမင်းချက်တစ်ဦးမှ သိရှိခဲ့ရသည် ။ အကြင်ထိုလင်မယား အမျိုးသား တစ်ဦးတလေ မထားကြခြင်းက တိတ်ဆိတ်စွာ နေထိုင်ခြင်းလား ။ စာရေးဆရာတစ်ဦးသည် သူ၏ မကျန်းမာသော အမျိုးသမီးအား စိတ်အပမ်းပြေ နားနေစေရန် အလို့ငှာ တိတ်ဆိတ်သော မြို့ လေးကို ရွေးချယ်ခဲ့ လေ သလား ။ တဆင့် သိကြားရသော သတင်းစကားတွေက စာရေးဆရာ သည် သူမ ပြောကြားချက်များကို အခြေခံ ရေးသားကာ ထက်မြက်လာခဲ့သည် ။ စာဖတ်သူက လက်သင့်ခံသလား ၊ ထင်ရှား ကျော်ဇောလာခဲ့သလား ၊ ထို မြို့လေးထဲမှာ ပဲလား ။ တခါတရံ သူတို့ ရန်ဖြစ်ကြသတဲ့ ။ ရန်ဖြစ်သူ နီးရာပစ္စည်း ကူတတ်တာ ၊ ရန်ဖြစ်တဲ့အခါ မြင်ဖူးမှ အကောင်းဆုံး သိသာမှာပဲ။ စာအုပ်က လည်း ပစ်နိုင်အောင် လေးတာပဲ ။ လမ်းလျှောက်လေ့ ရှိတဲ့ သဘာဝကို လမ်းလျှောက်ဖို့ နေရာ ရှိသားနဲ့ မလျှောက်ဖြစ်တာ ၊ မအားလို့ လား ။ နေများမကောင်းလို့လား ။ လတ်ဆတ်သော လေကို ပြတင်းကမျှော်နေတာ အပြစ်ဖြစ်ရောလား ။ လမ်းသွားလမ်းလာ ကို ပြတင်းက မငေးဖူးသူ ရှိရင် ပြူတင်းပေါက်လို့ အသံထွက်ပေးရမလို ။ ဆူညံသံလည်း ရှိမပေါ့ ။ တိတ်တိတ်လေး ငေးရတာလည်း အရသာ ရှိမပေါ့ ။ လမ်းပေါ်မှ သွားသွားလာလာက ဘေးဘယ်ညာ ကြည့်တတ်သလို ။ အလုပ် ၊ စိတ် မပိနေရင် ဘေးဝန်းကျင်က ရှုခင်းကို အေးစေဖို့ ငေးမိလေမလား ။ ကြည့်ရင်တော့ မြင်ပြီပေါ့ ။ မမြင်တာလည်း ရှိတတ်တာပဲ ။ နှစ်သက်လို့ စွဲလန်းတာလည်း ဖြစ်လိမ့်မယ် ။

အရက်သောက်တာ မိန်းကလေး သဘာဝမဟုတ်ဘူးလို့ အနောက်ကို ပြောရင် အရှေ့ ကို ပြန်မျှော်ရလေမလား ။ အရက်သောက်ပြီး အေးအေးလူလူ အိပ်သွားတဲ့ လူတွေ့ဖူးပါရဲ့ ။ စကားနည်းတာလား ။ သောက်ထားလို့လား ။ သွေးဆူတဲ့ အရည်က သူ့ အလုပ် သူလုပ်ပါတယ် ။ စကားကို အနိုင်လုပြီး ပြောစေတာ အငြင်းပွားမှု အစလို့ ထင်ရတယ်။ တခါတလေ ငြင်းတာလည်း အကျိုးရှိတုန်းပဲ ။ မိန်းမ ၊ ယောင်္ကျား သဘာဝက မတူစေခဲ့တာ ညီကြည့်လို့ ရရိုးလား ။ စိတ်ခံစားမှု တူညီရင် ပေါင်းဖော်ပြီး လင်မယားဖြစ်ကရောလား ။ သူငယ်ချင်းဆိုတာ ဘယ်နားမှာ သွားထားမလဲ ။ ဆွဲထိုးတာ လက်မြန်ရင် ထိမှာပဲ ။ မထိအောင် ၊ ရှောင်တတ်အောင် သင်တန်းတချို့ တည်နေဆဲပဲ ။ ချစ်တယ်ဆိုတာ သဘာဝပါ ။ နားမလည်တော့ ပြောမပြတတ်ဘူး ။ ချစ်တာ ကို စွဲလန်းတယ် လို့ ရောရင် ပေါ့သွားမလား ။ ကိုယ်တွေ့ကို လှောင်ပြောင်တာဟာ ကိုယ်တိုင် မတွေ့ကြုံဖူးကြသေးလို့လား ။

*မြင်ပါများတော့ ကြင်မိသည်* စကားအနေနဲ့ ရှေးကတော့ ထားခဲ့သည် ။ မမြင်တာကြာ အနေကွာလို့ စိမ်းရက်လေအားလို့ ဖွဲ့တာလည်း ကြားဖူပါရဲ့ ။ လွမ်းတယ်ကို အကြောင်းပြချက်ပေးနိုင်ရင် လွမ်းအားပိုစေတယ် ။ စားချင်တာကို ဆန္ဒလို့ ရေးမိတာ ၊ အစားပုတ်တာလား ။ လွမ်းတာလား ။ ဘယ်နားမှာ ရေးရေး ဆန္ဒလို့ အသံထွက်လေရဲ့ ။ အင်္ဂလိပ်လိုတော့ မျှော်လင့်ခြင်း ၊ ညွှန်းဆိုတာက Pandora box. တစ်ခုတည်းသော နောက်ဆုံး ထွက်သက်တဲ့ ။ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင် ရေးထားတာ အနည်းလေး ဖတ်ဖူးသည် ။ ချစ်ခင်နှစ်သက်သူ သေသွားသည် ။ သုသာန်သို့ ရောက်ပြီ ။ မီးခိုး ဖြစ်သွားတာလည်း ရှိ၏ ။ အရိုးပြာ သိမ်းသူလည်း ရှိ၏ ။ အမှတ်တရ ပေါ့ ။ ပြောပြီး လွမ်းဆွေးမှု ဖော်ပြ ငိုကြွေးတတ်တာလည်း သဘာဝပဲ ။ သူမ သေဆုံးသွားခဲ့တယ် ။ အာရုံခံစားမှုသည် လူသားတိုင်း ဖြစ်ပေါ်သည် ။ ဗုဒ္ဓဘာသာ တရားဓမ္မက အာရုံငါးပါး လို့ ခွဲပေးသည် ။ စွဲလန်းခြင်း ၊ အမှတ်တရဖြစ်ခြင်း ၊ လိုချင်ဆန္ဒပျက်သုန်းခြင်း ။ ဒါတွေက သူမသေဆုံးလို့ ဖြစ်တာလား ။ အစကတည်းက သဘာဝ ဖြစ်တည်မှုလား ။ သစ်ပင်တစ်ပင်ကို သူလေးစား စွဲလန်းမိသော (သေဆုံးသူသို့ ရည်စူး၍) သူမအတွက် စိုက်ဖြစ်လိုက်သည် ။ ဒီသစ်ပင် ရှင်ခြင်း ၊ သေခြင်းက အဖြေလား ။ မေးခွန်း အသစ်တစ်ခုပဲလား ။

*လေးစားတန်ဖိုးထားပြီး တစ်သက်စာ သတိရနေသလား*

စွဲလန်းမှုကို ခြေဖျက်နိုင်တာ စွဲလန်းခြင်း နောက်တစ်မျိုးပြောင်းရင် ဖြစ်နိုင်ပါရဲ့ ။ အချိန်က ကုစားပေးမယ် ဆိုတာ အရှေ့ အနောက် ၊ နေ၀င်နေထွက် ကွာခြားချက်တိုင်းတာမှု တစ်ခုပဲလား ။

မတူသော အရာကို ညှိကြည့်သောအခါ ဖြစ်နိုင်ပါတယ် ။ ဦးနှောက်အလုပ်လုပ်တာ များရင် ဦးနှောက်ကို ပိုမို လေးစားမယ် ၊ ပိုမို အလုပ်လုပ်စေမယ် ။ ကိုယ်ခန္ဓာအရင်းတည်ပြီး အလုပ်လုပ်ရင် ကိုယ်ခန္ဓာကို ပိုမို အလုပ်လုပ်စေမယ် ။ ဆန္ဒနဲ့ဘ၀ ထပ်တူမကျတာလည်း အများကြီးပါလား ။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာရောက်နိုင်လေ ၊ ကောင်းဆိုးက ပိုင်ဆိုင်သူရဲ့ စိတ်ဓာတ် ပြောင်းလဲခြင်းပဲ ။ တကယ်လို့သာ …

ကိုယ်က တန်ဖိုးထားလေးစားလျှင် တစုံတခုတော့ ကိုယ်တိုင် လုပ်ဖြစ်ဦးမှာပဲ ။ ရခြင်း ၊ မရခြင်းက သဘာဝပဲလား ။

ရေဆာလိုက်တာ ၊ ရေသောက်ဦးမှ ။ အစားအစာက ကိုယ်ခန္ဓာအတွက် စွမ်းအင်ဖြစ်သည် ။ ကြားနေသော သီချင်းသံတစ်စ ။ *ညအိပ်ရင်လည်း အိပ်မပျော်ဘဲနေ … သားမိုက်အပြစ်တွေ … တောင်းပန်ပါရစေ …* အမေတစ်ခု သားတစ်ခု ဆိုတဲ့ သီချင်းလေး လွင့်မျောနေလေတော့သည် ။

မူရင်း ပို့စ်က ဒီနေရာ မှာပါ ။

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

http://ainchannmyay.blogspot.com/2007/08/blog-post_06.html

8 comments:

hnin said...

ကိုအိမ်က အခု Just I write လုပ်လိုက်တာပေါ့။ ကောင်းပါ့ ကောင်းပါ့

Layma said...

“လမ်းသွားလမ်းလာ ကို ပြတင်းက မငေးဖူးသူ ရှိရင် ပြူတင်းပေါက်လို့ အသံထွက်ပေးရမလို ”
(အသံထွက်ပေးရမလိုလား….လို့ မရလား….)
“လို့ မရ ” ဆိုရင် comment ရေးချင်လို့ ပါ….>>> လေးမတို့  ကျောင်းမှာသင်ခဲ့ရပါတယ်…ပြတင်းပေါက်ဖောက်တာ lighting , ventilation and view အတွက်ပါတဲ့…. ဗိသုကာက အဆောက်အဦ အများစုမှာ အဲဒီ ၃ မျိုးပေးနိုင်တဲ့ ပြတင်းပေါက်ကို ဖန်တီးပေးရပါတယ်….။ ဒါကြောင့် ကိုနိုင်တွေးတာမှန်တယ်….လို့ ပြောမလို့

Anonymous said...

အမ ဘာပြောရမှန်းမသိ.. သုံးခါလောက်ဖတ်ပြီး အတွေးကွန်ယက်ဖွဲ့လို့ ပြန်သွားတယ်။

Tesla said...

အိမ်ကလေးကို ရောက်လာခဲ့တယ် ရေးမိတာကို ဖတ်မိပါတယ် တချို့နေရာလေးတွေ သဘောထားချင်းတူညီမိတယ် ဥပမာ
လူသူတိတ်ဆိတ်သော နေရာတွင် ပျော်မွေ့တတ်ကြသည်မှာ စွဲလမ်းခြင်း တစ်မျိုးပဲလား ။ စာရေးဆရာတစ်ဦးသည် သူ၏ မကျန်းမာသော အမျိုးသမီးအား စိတ်အပမ်းပြေ နားနေစေရန် အလို့ငှာ တိတ်ဆိတ်သော မြို့ လေးကို ရွေးချယ်ခဲ့ လေ သလား ။ မိန်းမ ၊ ယောင်္ကျား သဘာဝက မတူစေခဲ့တာ ညီကြည့်လို့ ရရိုးလား ။ စိတ်ခံစားမှု တူညီရင် ပေါင်းဖော်ပြီး လင်မယားဖြစ်ကရောလား ။ ရေဆာလိုက်တာ ရေသောက်ဦးမှ။

ထပ်တွေးပါဆိုရင်တော့ ခံစားချက်ကို အရှေ့ကပြေးခိုင်းထားတဲ့ ရာနှုန်းနည်းနည်းထဲမှာ ပဲ ဖြစ်နိုင်တဲ့ကိစ္စ မို့လို့ ရောရောထွေးထွေးရှိစဲပါ။ သက်သေပြချက်လိုအပ်ရင် နှလုံးသားကိစ္စကို စောင်းပေးတော့မယ့် ပုံစံကိုပြဘို့ စာရေးဆရာက ပြင်ဆင်ထားခဲ့တယ်လို့ တွေးမိတာကို ယူလိုက်ပါ။ သူပြင်ဆင်ထားပုံကလည်း အဲ့တိုင်းပဲလို့ ထင်မိတာပဲလေ။ ဇာတ်ကွက်တခု နဲ့ နှိုင်းပြရရင် ဒီလို.. ဒီလို ..
လူ့ယဉ်ကျေးမှုကို ခဏခေါ်ပေးပါ တည်တည်ခန့်ခန့် ထိုင်ပါ။
ခဏနေကြတော့ သူက အောက်ကစကားတွေကို ခရားရေ လွတ် ပြောသွားခဲ့တယ်။
…… သာယာမိခဲ့တယ် ဆိုတဲ့ အဲ့ဒီလူက စမှားတာပဲ တယောက်ထဲတွေ့မိပြီး နောက်မှအိမ်ထောင်နဲ့ ဆိုတာသိတာမျိုးဆို တော်သေး မသိတာလည်းမဟုတ် လင်မယားနှစ်ယောက်ကို တပြိုင်နက် စတွေ့တာထောင် အနည်းငယ် သာယာမိသွား တယ် တဲ့။ လေးစားတာနဲ့ မြတ်နိုးမိ ချစ်ခင်မိတာနဲ့ က ခွဲခြားလို့ရပါတယ်. စွဲလမ်းနေစရာ အကြောင်းမရှိပါဘူး။ ဒီတော့ မိုက်မဲတဲ့လူတယောက်ဟာ ဇာတ်ရဲ့မင်းသား ဖြစ်လာရတယ် လုံးလုံးအသုံးမကျတဲ့ စာရေးဆရာ ပေါ်လာတယ် အရမ်းထက်မြက်တဲ့ စာရေးဆရာမ ဖြစ်လာတယ် ။ ….
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ယဉ်ကျေးမှုခင်ဗျာ ဒါပေမဲ့ ခင်ဗျား နှလုံးသားတွေကို လျစ်လျူရှူခဲ့ မိပါသလား။ စိတ်မဆိုးရင် ပြန်ဖြေပေးပါ။
သူမစဉ်းစားတော့ဘူး သူ့ကိစ္စမဟုတ်ဘူး လို့ ပြန်ပြောတယ်။ မှန်ပါတယ် ဒါဆိုရင် ဒီကိစ္စရဲ့ နှလုံးသားတွေ ဦးနောက်တွေ တန်ဘိုးထားပုံတွေကို ခင်ဗျားထင်မြင်ချက်လေးကော ပေးခဲ့နိုင်မလား.
စကားတိတ်ဆိတ်သွားတယ်. သူလိုက်မမှီတာလည်း ဖြစ်နိုင်တယ်။
စာရေးဆရာမကတော့ သေတယ်ဆိုတော့ ငြိမ်းချမ်းသွားပြီပေါ့.
နှူးညံ့စွာတန်ဘိုး ထားတတ်သူ အာရုံအမှားကိုလည်း မွေးမြူတတ်သေးသူ သစ်ပင်စိုက်ကျန်တယ်..
စာရေးဆရာကော.. ဟို ဦးနှောက်ဖောက်စားခဲ့တဲ့. စာအုပ်တွေနဲ့ ပစ်ဖောက်ခဲ့ပါတယ်ဆိုတဲ့. ကျွန်တော့မိန်းမက အလွန်တန်ဖိုးရှိတဲ့ မိန်းမလို့ သေမှအော်ခဲ့ပါတယ်ဆိုတဲ့ စာရေးဆရာကော.. ဘယ်လိုကျန်ခဲ့လည်း.. သူညာပြီးအော်နေတာလို့ ထင်ရမှာလား.
ဘယ်တန်ဘိုးက ပိုကြီးမြတ်တယ် ဆိုတာ ဘယ်သူပြောနိုင်မှာလည်း. ဘယ်တန်ဘိုးကမှ မကြီးမြတ်ဘူး ဆိုတာကိုကော ဘယ်သူပြောနိုင်မှာလည်း။
ပြောနိုင်တာကတော့ မိုက်မဲသော (သို့) ချစ်တတ်သော ကားသမားရယ် အသုံးမကျသော စာရေးဆရာရယ်က နှစ်ယောက်လုံး ယောင်္ကျားတွေ ကြီးပဲ..
သေသွားတဲ့ စာရေးဆရာမကော ဒီတန်ဘိုးကို ရေးတဲ့ ဆရာမဂျူးကော နှစ်ယောက်လုံး မိန်းမတွေကြီးပဲဆိုတာ သေချာတယ်မလား…
ယဉ်ကျေးမှုက ထွက်ပြေးတယ်.
ကိစ္စတိုင်းမှာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ သက်သေပြရန်မဖြစ်နိုင်မှု ဟာနေရာတခုအပိုင်ယူပြီး ထိုင်နေတယ်။
သစ်ပင်လေးက တော့ မသေခင်အထိ ရှင်ကျန်နေခဲ့တယ်။
ရေဆာလိုက်တာ ရေသောက်ဦးမှ။

ကိုနိုင်အတွက်ကော မအိမ့်အတွက်ကော ဆရာမဂျူးအတွက်ကော ပေါင်းပြီး ဒီနေရာမှာပဲ ကွန်မန့်ရေးပေးခဲ့ပါတယ်..

Just I comment ;P

naing said...

မ hninhnin ။ အခုလို လာရောက် အားပေးလို့ ကျေးဇူးတင်ပါတယ် ။
မ Layma ။ အသံထွက်ပေးရမလို ။ ဒါကြောင့် ကျွန်တော် တွေးတာ မှားပါတယ် ။ ဗိသုကာ အမြင်နဲ့ ပြူတင်းပေါက်လေးကို ဆောက်ပေးသွားတာ ကျေးဇူးတင်ပါတယ် ။
မ တပြည်သူ အိမ့်ချမ်းမြေ့ ။ အစ်မ သုံးခါ ဖတ်သွားတဲ့အတွက်ရော ၊ မူရင်းပို့စ်ကို ညွှန်းဆိုခွင့်ပြုတာရော ကျေးဇူးပါ ခင်ဗျာ ၊ အတွေးတွေ ကွန်ယက်ဖွဲ့ သလို ဖြစ်သွားရင် အားနာမိပါတယ် ။
မ hninhnin ၊ မ Layma ၊ မ တပြည်သူ အိမ့်ချမ်းမြေ့ ၊ ကိုယ်စိတ် ကျန်းမာ ချမ်းသာပါစေ လို့ ဆုတောင်းပေးလျက်ပါ ။

naing said...

ကို Tesla..... Just I comment ;P ။ Thank a lot!
ရေသောက်တယ် ။ လူ့ယဉ်ကျေးမှု နှင့်အတူ ထိုင်တယ် ။ *နှလုံးသားတွေကို တန်ဖိုးထားပါတယ်*လို့ ခိုင်းစေတဲ့ ဦးနှောက် တန်ဖိုးကို နားလည်စေရန် အလို့ငှာ ကျွန်တော်သည် အိပ်စက်ခြင်း အမှုပြုလေ့ရှိပါတယ် ။ သက်သေပြရန် မဖြစ်နိုင်မှု နှင့်အတူ ထိုင်တယ် ။ ရေသောက်တယ် ။
အရာအားလုံး *သူပိုင် တန်ဖိုးတွေ* ရှိနေကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ခင်ဗျာ ။

pandora said...

တန်ဖိုးတွေ ဖတ်သွားတယ်။
တန်ဖိုးသိရင် တန်ဖိုးရှိတယ်။
တန်ဖိုးမသိရင် တန်ဖိုးမရှိဘူး။
ရေဆာတယ်။ ရေလိုက်ရှာတယ်။ ရေသောက်ပြီ။ ရေအသက် တစ်မနက်။

naing said...

မ pandora ၊ အင်း ရေဆာတယ် ဟုတ် ။ ရေသန့်ဘူးကြီး ၂၅၀ ကျပ်ဆိုလို့ ရေအိုးစင်က ပဲ ခပ်တိုက်မယ် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်