သူတို့ အသံ
ကျွန်တော်တို့ စုံတွဲအကြောင်း လူအတော်များများ သိနေကြသည်။ လူတိုင်း ချစ်သလို ကျွန်တော်တို့ စုံတွဲလည်း ချစ်တတ်ပါသည်။ သူပါမှ ကျွန်တော် သွားသည်။ ကျွန်တော်ပါမှ သူသွားသည်။ ဒီနေ့ စုံတွဲ ခုတ်မည် ဟု လွန်ခဲ့သော လကုန်ရက်ကတည်းက စီစဉ်ထားခဲ့သည်။ လက်မှတ်ကလေး တစ်စောင် ကြောင့် ဖြစ်သည်။ စောစော အိပ်ယာထပြီး အပေါ်၊အောက် လှုပ်ရှား သွားလာမှု ရှိခဲ့သည်။ အကြောင်းရင်းက လိုအပ်ချက်တစ်ချို့ကြောင့် ဖြစ်သည်။ ဥပမာ ကားစီးရန်။ တစ်လစာ ကားစီးနင်းကဒ် လိုအပ်ချက် ဖြစ်သည်။ အရေးကြီးသော ၀င်ခွင့် လက်မှတ်လေး နေရာ အထားမှားသဖြင့် ခုံအပေါ် ၊ အောက် ၊ စာအုပ်အကျိုအကြား ရှာရန် အတက်၊ဆင်း လုပ်ခဲ့ရသည်။ ကျွန်တော်တို့ စုံတွဲ အားရှိရန် ကြက်ဥပြုတ်လည်း စားခဲ့သည်။ စုံတွဲ ၀တ်ဆင်မှုက သာမန် အပြာရင့် ၀တ်စုံတစ်စုံ။ စတင်ထွက်ချိန်မှာ ဘာပြဿနာမှ မရှိခဲ့ ။ ကျွန်တော် နှင့် သူ တစ်လှည့်စီ ဦးဆောင်ခဲ့သည်။ ကားစီးလည်း တူတူ။ ရထားစီးလည်း တူတူ။ ဟော ပွဲတော် နေရာ ရှာဖွေရာမှာလည်း အတူတူ။ မခွဲတတွဲတွဲ။ ရှေ့နောက် တစ်လှည့်စီ။ ပွဲတော် နေရာသိလို့ ၀မ်းမြောက်ချိန်မှာ တူတူယှဉ်ပြီး ဓာတ်ပုံ ရိုက်ခဲ့ကြသည်။ ပွဲတော်က လူမျိုးစုံလှသည်။ ကျွန်တော်တို့လို စုံတွဲတွေ အမြောက်အမြား။ ဆင်ယဉ်ထုံးဖွဲမှု ကိုယ်စီနှင့်။ တချို့က အစိမ်း၊ပြာ၊နီ။ သူလိုကိုယ်လို ၀င်နွှဲခဲ့ကြသည်။ အမယ် အမှတ်တရ ကျောက်ကျော စားခဲ့သည်။ ဓာတ်ပုံအများကြီး ရိုက်ခဲ့သည်။ သို့သော် ကျွန်တော် နှင့် သူ အတွဲမညီတော့ပေ။ မူးရစ်မှု မပါသော လမ်းခွဲမှု။ ကျွန်တော် မှတ်မိချိန်မှာ သူက ကားစောင့်တာကို တူတူ မရပ်စောင့်ချင်တော့ဘူး။ *အနိမ့် အမြင့် မညီမှ သက်သာမယ်ဆိုတဲ့* အကြောင်းပြချက်ပေါ့။ ကျွန်တော်ကလည်း ခွင့်လွှတ်ပါတယ် ။ တစ်လှည့် အပေါ်မှာ နေစေပေါ့ ။ ဒါပေမယ့် ကားစောင့်ချိန် ကြာလာပါရော။ ကျွန်တော် သည်းမခံနိုင်တော့ ဘူး။ ပူလောင်မှုကို စတင် ခံစားရနေပြီ။ သူကပြန်ပြောတယ် ။ ငါလည်း ပူတာပဲ တဲ့။ ကျွန်တော် နှင့် သူ ပူလောင်မှုတွေ သယ်ဆောင်ပြီး နောက်ထပ် ကားမှတ်တိုင် တစ်ခုကို မသွားချင် သွားချင်နဲ့ သွားခဲ့ကြသည်။ ကားကလည်း ကြာလိုက်တာ။ ရထားဂိတ်ကို ရောက်ချင်နေပြီ။ ပိုမို ပူလောင်စေသော အကြောင်းက အရိပ်နားခိုမှု မရှိခဲ့ခြင်း။ အပေါ်ပူ ၊ အောက်ပူ ပိုပြီးပူလောင်လာတာပေါ့ ။ ကျွန်တော်တို့ စုံတွဲ သံစုံတီးဝိုင်းအလား ညည်းညူ နေခဲ့ကြသည်။ ကားပေါ် ၊ ရထားပေါ် ကျွန်တော်တို့ အငြိမ်မနေခဲ့ကြဘူး။ လှုပ်ရှားမှု မျိုးစုံနှင့် သူကပူသည် ၊ ကျွန်တော်က ပိုပူသည် တလှည့်စီ ညီညာစွာ အော်ဟစ်ခဲ့ကြတယ်။ သို့သော် ကျွန်တော်တို့ အသံကို ဘယ်သူမှ မကြားနိုင်ကြဘူး။ ဟော နောက်တစ်ခါ အပြန်ခရီး အနီးလေးကို သည်းခံမှု ကုန်ဆုံးစွာ သူမပါချင် ကျွန်တော်လည်း မသွားချင် ဖြစ်နေပြီ။ အေးလေ အနားယူရန် ၊ ပူလောင်မှုအမြန်ဆုံး ကင်းလွတ်ရန် ကျွန်တော်တို့ စုံတွဲ မလှမ်းချင် လှမ်းချင် လှမ်းခဲ့ရပြီ ။ *အရိပ်လိုချင်တော့ နေပူကစောင့်ရမှာပေါ့*။ ကြည့်စမ်း ကျွန်တော်တို့ စုံတွဲ အေးချမ်းသော ခံစားမှု ရခဲ့သည်။ ကျွန်တော် နှင့် သူ တူတူယှဉ်တွဲ လေညှင်းခံနေကြပြီ ။ ပြတင်းပေါက်လေးတွေ ဖွင့်ပြီး သဘာဝလေ၏ အေးမြမှုကို ခံစားနေကြပြီ ။ ကျွန်တော် ဘယ်ခြေထောက် နှင့် သူ ညာခြေထောက် တူတူယှဉ်တွဲကာ ငြိမ်သက်နေကြသည်။ ကျွန်တော်တို့ အသံကို ဘယ်သူမှ မကြားနိုင်ကြပါဘူး။
No comments:
Post a Comment